Samsung ဟာ ဒီလ ၁၄ ရက်နေ့မှာ Galaxy S21 Series ကြေညာမယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အခုတော့ တောင်ကိုရီးယား နည်းပညာ ဘီလူးကြီးက Galaxy Unpacked 2021 ကို ၁၄ ရက်နေ့ ကျင်းပမယ်လို့ အတည်ပြုလိုက်ပါတယ်။

Samsung မျှဝေလိုက်တဲ့ ပိုစတာမှာ Galaxy S21 Series ရဲ့ Specs တွေကို အရိပ်အယောင်တောင် မပြသထားပါဘူး။ Samsung က အဲဒီဖုန်းတွေရဲ့ နာမည်တွေကိုတောင် မပြောသေးပေမယ့် ထွက်ပေါ်နေတဲ့ သတင်းတွေအရ Galaxy S21 , Galaxy S21+ နဲ့ Galaxy S21 Ultra ၃ လုံး ပါလာမယ်လို့ သိရပါတယ်။  Samsung မျှဝေလိုက်တဲ့ ပိုစတာမှာ Galaxy S21 ရဲ့ ကင်မရာ ဒီဇိုင်းကို မှုန်ဝါးဝါးပြသထားပါတယ်။

ထွက်နေတဲ့ သတင်းတွေအရ Galaxy S21 , S21+ နဲ့ S21 Ultra တို့မှာ ၆.၂ ၊ ၆.၇ နဲ့ ၆.၈ လက်မ S-AMOLED မျက်နှာပြင်နဲ့ Punch Hole တွေ အသီးသီး ပါလာမယ်လို့ သိရပါတယ်။ Ultra Version မှာ QHD+ Resolution နဲ့ ကျန် ၂ လုံးမှာ FHD+ Resolution တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး ဖုန်း အားလုံးမှာ 120Hz Refresh Rate နဲ့ Ultrasonic မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာတွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဘက်ထရီအကြောင်းပြောရရင် 4,000mAh , 4,800mAh နဲ့ 5,000mAh တွေ အသီးသီး ထည့်သွင်းထားမှာပါ။

Galaxy S21 နဲ့ S21+ မှာ 12MP Main , 12MP Ultrawide , 64MP Telephoto ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး Ultra မှာ 108MP Main , 12MP Ultrawide , 10MP Telephoto , 10MP Telephoto ကင်မရာ ၄ လုံး ထည့်သွင်းထားမှာပါ။ Ultra မှာ 40MP နဲ့ ကျန် ၂ လုံးမှာ 10MP ဆဲလ်ဖီး ကင်မရာတွေ ပါလာနိုင်ပါတယ်။

နိုင်ငံအပေါ်မူတည်ကာ S21 Series တွေမှာ Snapdragon 888 သို့မဟုတ် Exynos 2100 SoC တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး အဲဒီဖုန်းတွေနဲ့အတူ Galaxy Buds Pro ကိုပါ ၁၄ ရက်နေ့ ကြေညာနိုင်ပါတယ်။

Ref : gizmochina