၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ Albania နိုင်ငံရဲ့ ဝန်ကြီးချုပ် Edi Rama က Diella လို့ အမည်ရတဲ့ AI လက်ထောက်တစ်ဦးကို ကမ္ဘာ့ပထမဆုံး AI “ဝန်ကြီး” အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
Albania နိုင်ငံရဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်ပုံစံနဲ့ ဖော်ပြထားတဲ့ Diella ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ e-Albania ပလက်ဖောင်းပေါ်မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မူလတာဝန်က ဒစ်ဂျစ်တယ်စာရွက်စာတမ်းတွေ ထုတ်ပေးဖို့ ကူညီရတာဖြစ်ပြီး အခုအချိန်အထိ စာရွက်စာတမ်းပေါင်း ၃၆,၆၀၀ ကျော်ကို ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။
သူ့ရဲ့ တာဝန်အသစ်မှာတော့ Diella ဟာ Albania နိုင်ငံရဲ့ အဓိကပြဿနာတစ်ခုဖြစ်တဲ့ အကျင့်ပျက်ခြစားမှုကို တားဆီးဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် အစိုးရရဲ့ ဝယ်ယူရေးနဲ့ တင်ဒါကိစ္စအားလုံးကို ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။ Albania မှာ အကျင့်ပျက်ခြစားမှုတွေ မြင့်မားနေတဲ့အတွက် AI နည်းပညာနဲ့ ထိန်းချုပ်မှာ ဖြစ်ပါတယ်။
ဒီအပြောင်းအလဲအရ တင်ဒါဆုံးဖြတ်ချက်တွေကို လူသားဝန်ကြီးဌာနတွေဆီကနေ AI ဆီကို အဆင့်ဆင့် လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် Rama ကတော့ လူသားတွေက AI ကို ဘယ်လိုပြန်လည်ကြီးကြပ်မယ့် အစီအစဉ်တွေ ဒါမှမဟုတ် AI ကို အလွဲသုံးစားလုပ်နိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါဘူး။
Ref : Technology Innovation