Samsung ဟာ လက်ရှိအချိန်မှာ Galaxy စမတ်ဖုန်းတွေအတွက် Android 12 ကို အခြေခံထားတဲ့ OneUI 4.2 ကိုပဲ မိတ်ဆက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မေလတုန်းက Google ကနေ Android 13 ကို Beta အနေနဲ့ မိတ်ဆက်ခဲ့ပြီးဖြစ်တာကြောင့် Samsung ကလည်း Android 13 Beta Update ကို မကြာခင်ထုတ်ပေးသွားဖို့ စီစဥ်နေပြီလို့ သိရပါတယ်။

Samsung ကနေ ဆောင်ရွက်နေတဲ့ Android 13 Beta Update ဟာ OneUI 5.0 အနေနဲ့ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းတွေအရတော့ လက်ရှိအချိန်မှာ Samsung ကနေ ကုမ္ပဏီအတွင်းမှာ Internal စမ်းသပ်မှုတွေကို စတင်ပြုလုပ်နေပြီး ယခု ဇူလိုင်လအတွင်းမှာ OneUI 5.0 Beta ကို တချို့သော စမတ်ဖုန်းတွေအတွက် ထုတ်ပေးသွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

Samsung နဲ့ ပတ်သက်တဲ့သတင်းတွေကို ဖော်ပြနေကျ Media Website တစ်ခုဖြစ်တဲ့ SamMobile ရဲ့ ပြောကြားချက်အရတော့ ပထမဆုံးသော OneUI 5.0 Beta Update ဟာ ဇူလိုင်လ တတိယပါတ်အတွင်းမှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Samsung က ဘယ် Device တွေကို အစောဆုံး Beta Update ပေးသွားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ပုံမှန်အားဖြင့် Flagship Device တွေကိုပဲ အစောဆုံး Beta Update ပေးလေ့ရှိတာကြောင့် ယခုနှစ်အစောပိုင်းမှာ ထွက်ရှိထားတဲ့ Galaxy S22 Series ဖုန်းတွေက အစောဆုံး Update ရရှိဖွယ်ရှိနေပါတယ်။

Android 13 ဟာ UI Design ပိုင်းပြောင်းလဲမှုတွေအပြင် App တွေအတွက် Media Storage နဲ့ Audio ပိုင်းမှာ Permission ပြောင်းလဲမှုတွေအသစ်ပါဝင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် Samsung OneUI 5.0 မှာလည်း အဆိုပါ Feature အသစ်တွေကို အဓိကအနေနဲ့ ထည့်သွင်းလာဖွယ်ရှိနေပါတယ်။

Ref – GSM Arena