OnePlus ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ Flagship ဖုန်းအသစ်ဖြစ်တဲ့ OnePlus 11 ကို မိတ်ဆက်ဖို့ စီစဥ်ထားပြီးဖြစ်ပါတယ်။ အစောပိုင်းတုန်းက လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ India နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာထားခဲ့ပါတယ်။

ဒါပေမယ့် India မှာ ပြုလုပ်မယ့် Launch Event ဟာ Global Version အတွက်ဖြစ်ပြီး အခုတော့ တရုတ်နိုင်ငံမှာ မိတ်ဆက်မယ့်အချိန်ကို ထပ်မံကြေညာခဲ့ပါတယ်။ အဆိုပါ ကြေညာချက်အရ OnePlus 11 ဖုန်းတွေကို လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်ပြီး တစ်လကျော်အချိန်ကြာမှ Global စျေးကွက်မှာ OnePlus 11 ဖုန်းတွေကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ OnePlus ကနေ ထုတ်ပြန်ထားတဲ့ Teaser ဓါတ်ပုံတွေအရတော့ OnePlus 11 ဟာ စွမ်းဆောင်ရည်ပိုင်းကို အဓိကဦးစားပေးထားတဲ့ Flagship ဖုန်းတစ်လုံးဖြစ်လာမယ်လို့ သိရပြီး Qualcomm Snapdragon 8 Gen 2 Chipset အပြင် 512GB UFS 4.0 Storage ၊ 16GB LPDDR5X RAM လိုမျိုး နည်းပညာတွေကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

OnePlus 11 ဟာ 6.7″ QHD+ AMOLED Display ပါဝင်မှာဖြစ်ပြီး 120Hz Refresh Rate ကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ 50MP Primary Sensor ၊ 48MP Ultrawide Sensor နဲ့ 32MP Telephoto Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ကို ထည့်သွင်းပေးထားပါတယ်။

Battery ပိုင်းမှာဆိုရင်တော့ 5000mAh Battery ကိုမှ 100W Fast Charging ပါဝင်မှာဖြစ်တာကြောင့် ယခင် OnePlus 10 Series ဖုန်းတွေထက် ပိုမိုမြန်ဆန်စွာအားသွင်းနိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး OnePlus 11 ဖုန်းကို တရုတ်နိုင်ငံမှာ အရင်မိတ်ဆက်မယ်ဆိုပေမယ့် Software ပိုင်းမှာ OPPO ရဲ့ ColorOS 13 ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကြောင့် OxygenOS နဲ့အသုံးပြုချင်တယ်ဆိုရင် Global Version ထွက်ရှိမယ့် ဖေဖော်ဝါရီလအထိ စောင့်ဆိုင်းဖို့ လိုအပ်မှာပါ။

Ref – Gizmo China