တရုတ်နိုင်ငံကနေ စတင်ပြန့်ပွားခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ရန်ကြောင့် နည်းပညာကုမ္ပဏီတွေ နည်းမျိုးစုံနဲ့ ထုတ်လုပ်ရောင်းချမှုကို ထိခိုက်ခဲ့ကြပါတယ်။ တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို တညီတညာတည်း အွန်လိုင်းကနေပဲ မိတ်ဆက်ဖို့ ပြောင်းလဲခဲ့ရပြီး ကျန်တဲ့ အမှတ်တံဆိပ်တွေလည်း သူတို့ခြေရာအတိုင်း လိုက်နင်းရပါတယ်။

OnePlus အမှတ်တံဆိပ်ရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိ Pete Lau ဟာ သူ့ရဲ့ Weibo အကောင့်ကနေ လာမယ့် လအနည်းငယ်အတွင်း Offline မိတ်ဆက်ပွဲတွေ ပြုလုပ်နိုင်မှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး OnePlus ပရိသတ်တွေကို တီထွင်ဆန်းသစ်မှုနဲ့ အွန်လိုင်းမိတ်ဆက်ပွဲလုပ်ဖို့ အကြံဉာဏ်တောင်းတဲ့ သဘောမျိုး ရေးသားခဲ့ပါတယ်။

COVID-19 ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဟာ MWC 2020 ပွဲတော်ကိုပါ ဖျက်သိမ်းရတဲ့အထိ ဖြစ်ခဲ့ပြီး အခုလထဲမှာ ကျင်းပမယ့် အဆိုပါပွဲမှာ ပြသဖို့ အားခဲထားတဲ့ စမတ်ဖုန်းကုမ္ပဏီတွေအတွက် ဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။ OnePlus လည်း အခြားပြိုင်ဘက်တွေလို အွန်လိုင်းကနေပဲ ပြောင်းလဲမိတ်ဆက်သွားရတော့မှာပါ။ သူတို့ဟာ ၂၀၁၇ ခုနှစ်က OnePlus 5 ကို အွန်လိုင်းကနေ မိတ်ဆက်ခဲ့ဖူးပါတယ်။

OnePlus 7 နဲ့ 7 Pro တို့ကို ၂၀၁၉ ခုနှစ် မေလမှာ တရားဝင်မိတ်ဆက်ခဲ့ပြီး အခုနှစ်မှာ OnePlus 8 စီးရီးကို ဒီထက် စောကာ မိတ်ဆက်မှာဖြစ်ပါတယ်။ ဒီစီးရီးအသစ်မှာ OnePlus 8, OnePlus 8 Pro နဲ့ OnePlus 8 Lite ဆိုပြီး စမတ်ဖုန်း သုံးမျိုး ပါဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။

OnePlus 8 စီးရီးမှာ Snapdragon 865 ချစ်ပ်ဆက်တွေကို အသုံးပြုလာမှာဖြစ်ပြီး Punch-hole ဒီဇိုင်းနဲ့ Screen က 120Hz Refresh Rate ပါဝင်လာမှာပါ။ ပုံမှန်အားသွင်းစနစ်တွေလောက် မြန်ဆန်မယ့် ကြိုးမဲ့အားသွင်းစနစ်နဲ့အတူ တွေ့ရနိုင်ခြေလည်း ရှိပါတယ်။

Ref – Gizmo China