OnePlus 8T ကို လွန်ခဲ့တဲ့ ဇူလိုင်လကုန်ကတည်းက Geekbench ပေါ်မှာမြင်တွေ့ခဲ့ရတာပါ။ Flagship စီးရီးဝင်ဖြစ်တဲ့ ဒီဟန်းဆက်ရဲ့ Render ပုံရိပ်တစ်ခုကိုလည်း ဒီလအစောပိုင်းတုန်းက မြင်တွေ့ခဲ့ကြရပြီးပါပြီ။ အခုတော့ ပိုပြီးရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေကို တွေ့မြင်လာရတာပါ။

ပေါက်ကြားလာတဲ့ Renders ပုံရိပ်တွေနဲ့အတူ OnePlus 8T ရဲ့ အချက်အလက်တွေကိုပါ သိခွင့်ရကြပါပြီ။ အချို့အချက်တွေကတော့ စိတ်ဝင်စားစရာဖြစ်ပြီး အချို့ကတော့ အားရစရမကောင်းဘူးလို့ ခံစားရနိုင်ပါတယ်။ ဒီပေါက်ကြားမှုဟာ OnLeaks နဲ့ အိန္ဒိယဘလော့ဂ်တစ်ခုဖြစ်တဲ့ PriceBaBa တို့ကတစ်ဆင့် ထွက်ပေါ်လာတာပါ။

ဒီတစ်ခါထွက်ပေါ်လာတဲ့ Renders မှာလည်း Flat display ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့ Selfie ကင်မရာတစ်လုံးတပ်ဆင်ထားတာကို တွေ့မြင်နိုင်ပါတယ်။ ကျောပြင်ကိုယ်ထည်ကတော့ ဖန်သားနဲ့ဖုံးအုပ်ပေးထားပြီး ထောင့်ချိုးကွေးတွေနဲ့ဖြစ်ပါတယ်။ ကျောဘက်ကင်မရာတပ်ဆင်ပုံကတော့ စတုဂံပုံစံကင်မရာအိမ်ထဲမှာ ကင်မရာလေးလုံးနဲ့ ဖလက်ရှ်ကို ထည့်သွင်းနေရာချထားတာ ဖြစ်ပါတယ်။

ဟန်းဆက်ရဲ့ အောက်ခြေမှာတော့ USB-Port တစ်ခုရှိပြီး Speaker Grille နဲ့ SIM tray တို့ကတော့ ဘယ်ဘက်မှာ ဖြစ်ပါတယ်။ Alert slider နဲ့ ပါဝါခလုတ်တို့ကတော့ ညာဘက်ခြမ်းမှာရှိပြီး ဘယ်ဘက်ခြမ်းမှာတော့ အသံအတိုးအချဲ့ခလုတ်ကို တွေ့မြင်ရပါတယ်။ မျက်နှာပြင်ဟာ 6.55-inch ဖြစ်ပြီး FHD+ resolution ဖြစ်ပါတယ်။ Refresh rate ကတော့ 120Hz ဖြစ်တဲ့အတွက် OnePlus 8 ထက် မြင့်ပါတယ်။

Snapdragon 865 processor အသုံးပြုထားပြီး 8GB ဒါမှမဟုတ် 12GB of RAM နဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကလည်း 128GB နဲ့ 256GB ဆိုပြီး နှစ်မျိုးရှိပါတယ်။ Selfie ကင်မရာက 32MP ဖြစ်ပြီး ကျောဘက်ကင်မရာတွေကတော့ 48MP အဓိကကင်မရာ၊ 16MP ultrawide, 5MP marco နဲ့ 2MP depth sensor တို့ ဖြစ်ကြပါတယ်။ 4,500mAh ဘက်ထရီနဲ့ 65W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတာလည်း ဖြစ်ပါတယ်။

Ref: Gizmochina