OnePlus 8T ကို ဒီလ ၁၄ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီဖုန်းရဲ့ သတင်းတွေ ထွက်နေတာ ရက်သတ္တပတ်ပေါင်းများစွာ ရှိနေပါပြီ။ အခုလည်း Case ထုတ်လုပ်တဲ့ ကုမ္ပဏီ ၁ ခုက Case တပ်ထားတဲ့ အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေကို ပြသလိုက်ပါတယ်။ Case Mate ရဲ့ Soap Bubble Case တပ်ဆင်ထားတာ ဖြစ်ပြီး ဖုန်း အရောင်ကို မမြင်ရပါဘူး။ အနောက် ကင်မရာတွေကိုတော့ အသေးစိတ် လေ့လာလို့ရပါတယ်။

မြင်ကွင်းကျယ် ကင်မရာကို အပေါ်ဆုံးမှာ ထည့်သွင်းထားပြီး ပင်မ ကင်မရာကတော့ အလယ်မှာပါ။ Macro လို့ ထင်ရတဲ့ ကင်မရာကို အောက်ဆုံးမှာ တပ်ဆင်ထားပြီး ညာဘက်ဘေးမှာ Depth ကင်မရာကို ထည့်သွင်းထားပါတယ်။ ထူးခြားတာက Macro ကင်မရာ ပတ်လည်ကို Ring ၁ ခုနဲ့ ကွပ်ထားတာ မြင်ရပြီး အနီးကပ်ရိုက်ချက်တွေအတွက် Ring Flash ထည့်ထားတာလား၊ ဒီဇိုင်း သက်သက်ပဲလား ဆိုတာ မသိရသေးပါဘူး။

Depth ကင်မရာရဲ့ အထက်မှာ Dual-LED Flash ၁ ခု ထည့်သွင်းထားပြီး အလင်းထုတ်တဲ့ ပမာဏ မတူတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် White Balance လည်း ပိုကောင်းလာနိုင်ပါတယ်။ ဓါတ်ပုံမှာ ဖုန်းရဲ့ ခလုတ်တွေကိုလည်း မြင်ရပြီး ဘယ်ဘက်ခြမ်းမှာ အသံခလုတ်တွေပါလာပါတယ်။ ညာဘက်ခြမ်းမှာ ပါဝါနဲ့ Notification Slider ခလုတ်တွေ ထည့်သွင်းထားပါတယ်။

ပေါက်ကြားနေတဲ့ သတင်းတွေအရ OnePlus 8T မှာ ၆.၅၅ လက်မ 120Hz AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Snapdragon 865 SoC မောင်းနှင်ထားနိုင်ပါတယ်။ 65W Warp Charge ကတော့ တော်တော်လန်းတဲ့ စွမ်းရည် ဖြစ်ပြီး ဒီနှစ်မှာ 8T Pro မထွက်ဘူးလို့ သတင်းထွက်နေပါတယ်။ OnePlus 8T ကို မျက်ဝါးထင်ထင်မြင်ရဖို့ သိပ်မလိုတော့ပါဘူး။

Ref : gsmarena