ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက OnePlus 8T ရဲ့ ကင်မရာပိုင်းဆိုင်ရာ အချက်အလက်အချို့နဲ့ပတ်သက်တဲ့ သတင်းထွက်ခဲ့ပါတယ်။ ဒီတုန်းက OnePlus 8T ဟာ Sony IMX 586 sensor နဲ့ 48MP ကင်မရာ ပါဝင်လာမယ်လို့ ဆိုခဲ့တာပါ။ ဒီတစ်ပတ်မှာတော့ Selfie ကင်မရာအကြောင်း သတင်းထွက်လာပြန်ပါတယ်။

OnePlus 8 နဲ့ 8 Pro နှစ်မျိုးစလုံးမှာ 16MP selfie ကင်မရာတစ်လုံးစီတပ်ဆင်ထားကြပြီး Standard lens တွေနဲ့ဖြစ်ပါတယ်။ ဒါပေမယ့် OnePlus 8T ကတော့ Selfie ကင်မရာအမျိုးအစားသစ်နဲ့ ထွက်ပေါ်လာမှာပါ။ အဲဒါကတော့ Ultra-wide-angle lens နဲ့ Selfie ကင်မရာပဲ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်ဟာ OnePlus ရဲ့ 8T အတွက် နောက်ဆုံး Teaser ကတစ်ဆင့် သိရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က တွစ်တာပေါ်မှာ မျှဝေလာတဲ့ Teaser ရဲ့ ခေါင်းစဉ်ဟာ “Ultra-Wide Angle camera” ကိုရည်ညွှန်းထားပါတယ်။ ဒါ့အပြင် Animated ဗီဒီယိုအတိုလေးကလည်း Selfie ကင်မရာကိုပဲ ရည်ညွှန်းသွားခဲ့တာကို တွေ့ရပါတယ်။

OnePlus Nord မှာ 32MP+8MP dual selfie camera တွေ ပါဝင်တာကလွဲပြီး၊ Selfie ကင်မရာပိုင်းဟာ OnePlus အတွက် သိသိသာသာ ပြောင်းလဲခြင်းမပြုသေးတဲ့အပိုင်းလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် OnePlus 8T မှာ အတွေ့အကြုံသစ်တွေကိုပေးနိုင်မယ့် Selfie ကင်မရာမျိုး ပါဝင်လာမလားလို့ မေးစရာရှိလာပါတယ်။ ဒီမေးခွန်းရဲ့အဖြေကလည်း စိတ်ဝင်စားစရာကောင်းမှာဖြစ်ပါတယ်။

Ultra-wide-angle selfie camera ပါဝင်တာရဲ့အားသာချက်က၊ အသုံးပြုသူတွေအနေနဲ့ Selfie ဓါတ်ပုံတွေရိုက်ကူးတဲ့အခါမှာ ပိုပြီးကျယ်ပြန့်တဲ့ ဧရိယာကို ရယူနိုင်သလို၊ နောက်ခံရှုခင်းကိုလည်း ကျယ်ကျယ်ဝန်းဝန်း ထည့်သွင်းရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။ OnePlus 8T ကို လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာဖြန့်ချိမှာဖြစ်တဲ့အတွက် ဒီမတိုင်ခင်မှာတော့ နောက်ထပ်သတင်းအချက်အလက်တွေ ထွက်ပေါ်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina