OnePlus ကနေ အခုအချိန်မှာ OnePlus 8T စမတ်ဖုန်းကို မိတ်ဆက်ခဲ့တာ ရက်ပိုင်းပဲရှိသေးတာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ OnePlus 8T Pro ကို မိတ်ဆက်ခဲ့ခြင်းမရှိဘဲ OnePlus 8T တစ်မျိုးတည်းမိတ်ဆက်ခဲ့တာဖြစ်ပြီး 65W Wrap Charge နည်းပညာကို ပထမဆုံးအနေနဲ့ ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ OnePlus ကနေ လာမယ့်နှစ်မှာ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ OnePlus 9 Series စမတ်ဖုန်းတွေကို ယခင်ထက်ပိုစောပြီး မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ OnePlus ဟာ ပုံမှန်အားဖြင့် မေလဝန်းကျင်မှာ Flagship ဖုန်းတွေကို မိတ်ဆက်လေ့ရှိပေမယ့် OnePlus 8 Series တုန်းကတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့် OnePlus 9 Series စမတ်ဖုန်းတွေကိုတော့ ယခုနှစ်ထက် ၁ လဝန်းကျင်လောက် ပိုစောပြီး မတ်လအတွင်းမှာ မိတ်ဆက်နိုင်အောင် စီစဥ်နေတယ်လို့ သတင်းထွေထွက်ပေါ်နေပြီဖြစ်ပါတယ်။ ဒါကလည်း တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Samsung နဲ့ Xiaomi တို့က သူတို့ရဲ့ Flagship ဖုန်းတွေကို ၁ လစောပြီး ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်ဖို့စီစဥ်ထားတာကို ပြန်လည်ယှဥ်ပြိုင်ဖို့ ဖြစ်တယ်လို့ ယူဆရပါတယ်။

လောလောဆယ်မှာတော့ OnePlus 9 Series နဲ့ ပတ်သက်ပြီး သတင်းအတိအကျမသိရှိရသေးပေမယ့် Qualcomm Snapdragon 875 Chipset ၊ 65W Wrap Charge နည်းပညာတွေပါဝင်ဖို့ကတော့ သေချာနေပြီး 64MP Primary Sensor ပါဝင်တဲ့ Quad Camera Setup ကိုပါ အဆင့်မြှင့်တင်လာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုနှစ်အတွင်းမှာလည်း OnePlus ရဲ့ 5G Mid Range ဖုန်းအသစ်နဲ့ Budget ဖုန်းတွေဖြစ်တဲ့ OnePlus Nord N10 5G နဲ့ Nord N100 စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ကျန်ရှိနေပြီးတော့ မကြာခင်မှာ တရားဝင်မိတ်ဆက်မယ့်အချိန်ကို ထုတ်ပြန်သွားဖွယ်ရှိနေပါတယ်။

Ref – Android Central