လာမယ့် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ OnePlus ရဲ့ စမတ်ဖုန်းသစ်သုံးမျိုးကို တွေ့မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။ ဒီသုံးမျိုးကတော့ အားလုံးသိပြီးကြတဲ့ OnePlus 9 စီးရီးဝင် OnePlus 9, OnePlus 9 Pro နဲ့ OnePlus 9 Lite စတဲ့ မော်ဒယ်သုံးမျိုးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက OnePlus 9 ရဲ့ ပကတိဓါတ်ပုံ ပေါက်ကြားထွက်ပေါ်လာတော့ အရှေ့ဘက်မျက်နှာပြင်ကိုပဲ မြင်တွေ့ခဲ့ကြရပြီး၊ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole တစ်ခုရှိတာကို သိခဲ့ကြရပါတယ်။ ဒါပေမယ့် ကျောဘက်ကင်မရာတွေအခြေအနေကိုတော့ မသိကြရသေးပါဘူး။ အခုတော့ နာမည်ကျော် Tipster Digital Chat Station က ကျောဘက်ကင်မရာတွေနဲ့ပတ်သက်တဲ့ သတင်းတစ်ခုကို မျှဝေလာပါတယ်။

Digital Chat Station ရဲ့ ပြောဆိုချက်အရ OnePlus 9 စီးရီးမှာ Periscope Lens ပါဝင်လာမှာမဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအကြောင်းကို ကြားသိရတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်လို့ပါပဲ၊ ပထမအကြိမ်က OnePlus 9 နဲ့ 9 Pro တို့ရဲ့ Render တွေပေါ်ထွက်တုန်းက ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ OnePlus 9 Pro ရဲ့ကျောဘက်မှာ ကင်မရာအကြီးနှစ်လုံးနဲ့၊ အသေးနှစ်လုံးတပ်ဆင်ထားတာကိုပဲ သိရပါသေးတယ်။ ဒီကင်မရာတွေရဲ့ အလုပ်လုပ်ပုံနဲ့ အချက်အလက်တွေကတော့ ပဟေဠိဖြစ်နေတုန်းပါပဲ။ OnePlus 8 Pro နဲ့ Find X2 Pro တို့ဟာ Hardware ပိုင်းမှာ ခပ်ဆင်ဆင်ဖြစ်တာကို မှတ်မိကြဦးမယ် ထင်ပါတယ်။

Find X2 Pro ဟာ 5x optical zoom နဲ့ Periscope telephoto camera ကိုတပ်ဆင်ထားချိန်မှာ OnePlus 8 Pro ကတော့ အသင့်အတင့်သာဖြစ်တဲ့ 3x zoom ကင်မရာနဲ့ မိတ်ဆက်ခဲ့တာပါ။ ဒါကြောင့် OnePlus 9 Pro မှာလည်း သိပ်အများကြီး မျှော်လင့်လို့ရပါ့မလားလို့ သံသယဖြစ်ရပါတယ်။

Ref: GSM Arena