OnePlus ၊ OPPO နဲ့ Vivo ကုမ္ပဏီတွေဟာ စျေးကွက်အတွင်းမှာတော့ ပြိုင်ဆိုင်နေကြပေမယ့် မူရင်း BBK Holding ကုမ္ပဏီကပဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။ Vivo ကထုတ်လုပ်တဲ့စမတ်ဖုန်းတွေဟာ ကွဲထွက်နေတယ်ဆိုပေမယ့် OnePlus ဖုန်းတွေကတော့ ယခင်တုန်းက OPPO ရဲ့ High End စမတ်ဖုန်းတွေနဲ့ Design ပိုင်း သို့မဟုတ် နည်းပညာပိုင်းတွေနဲ့ ဆင်တူနေတယ်ဆိုပြီး ဝေဖန်ခံနေရတာဖြစ်ပါတယ်။

အခုလည်း OnePlus ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ CEO & Founder ဖြစ်တဲ့ Pete Lau ဟာ OnePlus ကနေ OPPO ကုမ္ပဏီလက်အောက်မှာ ပြန်လည်အလုပ်လုပ်ကိုင်သွားမယ်ဆိုပြီး သတင်းထွက်ရှိလာပါတယ်။ Pete Lau ဟာ ယခင်ထဲက OPPO ကုမ္ပဏီရဲ့ Vice President အဖြစ်တာဝန်ယူဖူးပေမယ့် ၂၀၁၃ ခုနှစ်မှာတော့ OPPO ကနေ စွန့်ခွာပြီး OnePlus ကုမ္ပဏီကို သီးသန့်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Pete Lau အနေနဲ့ OnePlus ကနေ OPPO ကုမ္ပဏီမှာ အလုပ်ပြောင်းလဲလုပ်ကိုင်မှာဖြစ်ပေမယ့်လည်း OnePlus ကုမ္ပဏီမှာလည်း CEO ရာထူးအဖြစ် ဆက်လက်တာဝန်ယူထားဦးမယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ ဖော်ပြခဲ့တာဖြစ်ပြီး OnePlus ဘက်ကနေတော့ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဒီလိုမျိုး Pete Lau သာ OPPO ကုမ္ပဏီလက်အောက်ကိုပြန်လည်ရောက်သွားမယ်ဆိုရင် OnePlus ကုမ္ပဏီအနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုမျိုးဆက်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လက်ရှိအချိန်မှာ OnePlus ကုမ္ပဏီကနေ ကိုယ်ပိုင် Oxygen OS အပြင် Design ပိုင်းကိုလည်း OPPO ဖုန်းတွေနဲ့ ကွဲထွက်အောင်ထုတ်နေပေမယ့် နောက်ပိုင်းမှာ OPPO လက်အောက်ကို ပြန်ရောက်ရှိသွားမလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus ကုမ္ပဏီဟာ လက်ရှိအချိန်မှာ ကိုယ်ပိုင်စမတ်ဖုန်း ၁၅ မျိူးကျော်မိတ်ဆက်ခဲ့ပြီးဖြစ်သလို ကုမ္ပဏီရဲ့ဝန်ထမ်းဦးရေကလည်း ၁,၀၀၀ ကျော်အထိရှိနေပြီဖြစ်တဲ့အတွက် OnePlus CEO က OPPO ကုမ္ပဏီအောက်ပြန်ရောက်သွားပေမယ့်လည်း လက်ရှိအတိုင်းပဲ ဆက်လက်လည်ပတ်သွားဖို့ဖြစ်နိုင်ခြေပိုများနေပါတယ်။

Ref – Giz China