OnePLus ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Buds Z TWS Earbuds နဲ့ OnePlus 8T စတဲ့ ထုတ်ကုန်သစ်တွေကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ မိတ်ဆက်မှုတွေထဲမှာ OnePlus Watch လည်း ပါဝင်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် Watch ဟာ ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့ပါတယ်။

OnePlus Watch ကို ပြီးခဲ့တဲ့ သြဂုတ်လကတည်းက IMDA က Certified ပေးခဲ့တာကြောင့် Device ကို တစ်ချိန်ချိန်မှာ မိတ်ဆက်လာမယ်ဆိုတာတော့ သေချာနေခဲ့ပါတယ်။ ဒါ့အပြင် ကနဦးပေါက်ကြားမှုအရလည်း ဒီ OnePlus Smartwatch ဟာ စက်ဝိုင်းပုံစံဒိုင်ခွက်နဲ့ဖြစ်ကြောင်းကို သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။

အခုတော့ OnePlus အနေနဲ့ စမတ်နာရီတစ်လုံးကို သေချာပေါက် မိတ်ဆက်လာမယ်ဆိုတဲ့အကြောင်းကို ကုမ္ပဏီကိုယ်တိုင်က အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ Ecosystem ထဲကို နောက်ထပ် ဝင်ရောက်လာမယ့်အရာတွေရှိနေသေးကြောင်း၊ ဒါဟာ အချိန်နဲ့ သက်ဆိုင်ကြောင်း၊ OnePlus India က တွစ်တာမှာ ဖော်ထုတ်မျှဝေပေးသွားတာလည်း ဖြစ်ပါတယ်။

တွစ်တာမှာရေးသားခဲ့တဲ့ Caption ရဲ့ ဒုတိယစာကြောင်းဟာ Smartwatch ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။ ဒီစမတ်နာရီဟာ ဘယ်အချိန်မှာ မိတ်ဆက်မယ်ဆိုတာကို မသိရသေးပေမယ့်၊ ဒီနှစ်ထဲမှာတော့ တွေ့မြင်ရဖွယ်မရှိဘူးလို့ ယူဆရပါတယ်။ OnePlus အနေနဲ့ ဒီလိုအရေးကြီးတဲ့ထုတ်ကုန်ကို သီးသန့်မိတ်ဆက်ဖွယ်မရှိဘဲ OnePlus 9 ဒါမှမဟုတ် OnePlus 9 Pro စတာမျိုးနဲ့ တွဲလျက်မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရာရာဟာ ထင်ကြေးသာဖြစ်ပြီး တရားဝင်ထုတ်ပြန်လာတဲ့အထိ စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Gizmochina