နိုဝင်ဘာလဆန်းပိုင်းမှာ OnePlus Nord SE နဲ့ပတ်သက်တဲ့သတင်းတွေက အတော်များများ ထွက်ပေါ်ခဲ့တာပါ။ ပရီမီယံအမျိုးအစားတွေထုတ်လုပ်ပြီး နာမည်ရလာတဲ့ OnePlus အမှတ်တံဆိပ်ဟာ သုံးစွဲသူတွေအမြောက်အများရဲ့လက်ထဲကို ပိုပြီးရောက်ရှိနိုင်မယ့် Nord SE အပြင် နောက်ထပ်အမျိုးအစားတစ်မျိုးကိုလည်း ထုတ်လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် OnePlus ဟာ ပဥ္စမမြောက် Consumer-friendly စမတ်ဖုန်းကို ထုတ်လုပ်မယ့်လမ်းကြောင်းပေါ်မှာလည်း ရှိနေတာဖြစ်ပြီး OnPlus Nord 2 က ၂၀၂၁ ရဲ့ ပထမသုံးလပတ်အတွက် ထွက်ပေါ်လာဖွယ်ရှိတယ်လို့ မျှော်မှန်းထားပါတယ်။ Tipster တစ်ဦးဖြစ်တဲ့ Max Jambor ကတော့ ဒီဟန်းဆက်ရဲ့ ကုဒ်နာမည်ဟာ “Denniz” ဖြစ်တယ်လို့ တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။

Jambor က “Denniz” နဲ့ပတ်သက်တဲ့ သီးသန့် Link ကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် Phonearena ကတော့ OnePlus ဟာ သူတို့ရဲ့ ဒုတိယမျိုးဆက် စမတ်ဖုန်းအတွက် “Denniz” ဆိုတဲ့ ကုဒ်နာမည်ကို ရွေးချယ်တာဖြစ်နိုင်တယ်လို့ ရှင်းလင်းဖော်ပြခဲ့ပါတယ်။ အခုအချိန်မှာတော့ OnePlus Nord 2 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်က အတော်လေးကို နည်းပါးနေသေးတာလည်း ဖြစ်ပါတယ်။

OnePlus Nord 2 မှာ ဖြစ်နိုင်ခြေရှိတဲ့အဆင့်မြှင့်တင်မှုတွေကတော့ Qualcomm Snapdragon 700 စီးရီး chipset အသုံးပြုထားတာ၊ OnePlus 8T လိုမျိုး Camera module နဲ့ စွမ်းအင်ထက်မြက်တဲ့ Sensor တွေသုံးလာတာ၊ လက်ရှိ 90Hz display အစား၊ 120Hz Fluid AMOLED display ကိုအသုံးပြုတာမျိုး မြင်တွေ့ရနိုင်ပါတယ်။ OnePlus Nord 2 ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်လ ဖြန့်ချိခဲ့တဲ့မူလမော်ဒယ်နေရာမှာအစားထိုးပြီး ၂၀၂၁ မှာ ဖြန့်ချိဖို့ ပြုလုပ်ထားတဲ့ စီမံကိန်းလို့ ခန့်မှန်းရပါတယ်။

Ref: Gizmochina