OnePlus ဟာ သူတို့ရဲ့ OnePlus Nord ကို မဖြန့်ချိခင် သတင်းတစ်ခုအရင် ထုတ်ခဲ့ပါတယ်။ အဲဒါကတော့ ဒီဖြန့်ချိမှုမှာ အမေရိကန်ဈေးကွက် မပါဝင်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့်လည်း သူတို့က “အနာဂတ်မှာ မြောက်အမေရိကဈေးကွက်ဆီ ပိုပြီး ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းတွေ တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်” ဆိုပြီး ပြောခဲ့ပါသေးတယ်။

အခု သိလာရတာက OnePlus Nord ကို အမေရိကန်ဈေးကွက်ထဲ ဖြန့်မယ့်အချိန်ပါ။ ဒီနှစ်နှောင်းပိုင်း ကာလလို့ ပြောပါတယ်။ ဒီသတင်းက Carl Pei က Wired မဂ္ဂဇင်းဆီပေးပို့ ဖော်ပြခဲ့တာပါ။ Nord ဖုန်းတွေကို ဒီနှစ်နှောင်းပိုင်းကျမှ အမေရိကန်ဈေးကွက်ထဲဖြန့်မယ်ဆိုတဲ့အကြောင်းကို ပူးတွဲတည်ထောင်သူက ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

Nord ဟာ OnePlus အမှတ်တံဆိပ်အတွက် ဈေးနှုန်းချိုသာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပိုပြီးကျယ်ပြန့်တဲ့ သုံးစွဲသူအမျိုးအစားဆီ ဈေးကွက်ချဲ့ထွင်ရေးအတွက် သီးသန့်ထုတ်လုပ်လိုက်တာပါ။ ဒါကြောင့် အမေရိကန်ဈေးကွက်ဆီ ရောက်လာမယ့် OnePlus Nord တွေကတော့ အနည်းငယ်ပြုပြင်ပြောင်းလဲမှု ရှိလာနိုင်ပြီး မူလ Nord နဲ့ ကွဲပြားခြားနားမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

အခုအချိန်ဟာ ၂၀၂၀ ရဲ့ တတိယသုံးလပတ်ထဲကိုတောင် ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့အသေးစိတ်အချက်အလက်ကို လာမယ့် သြဂုတ်လဆန်းမှာ သိလာရမယ်လို့ မျှော်လင့်ရပြီး ဖြန့်ချိချိန်ကတော့ OnePlus 8T စီးရီးတွေနဲ့အတူ စက်တင်ဘာ၊ ဒါမှမဟုတ် အောက်တိုဘာမှာ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ လက်တလောမှာတော့ Snapdragon 690 processor နဲ့ OnePlus ဟန်းဆက်တစ်ခုကို Geekbench မှာ တွေ့မြင်ထားရပါတယ်။

Ref: Gizmochina