OnePlus ဟာ မကြာခင်ဖြန့်ချိမယ့် စမတ်ဖုန်းသစ်နဲ့ တီဗီတို့အတွက် ပြန်ပြီးတော့ Tease လုပ်လာတာကို တွေ့ရပါတယ်။ တရုတ်ကုမ္ပဏီဟာ Flagship ဖြန့်ချိပြီးတဲ့နောက် ဈေးနှုန်းချိုသာတဲ့ ဘက်ဂျက်အမျိုးအစားကို ဆက်လက်ဖြန့်ချိဖို့အတွက် အရှိန်မြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အသစ်ဖြန့်ချိမယ့် စမတ်ဖုန်းဟာ OnePlus Nord ဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ အိန္ဒိယဈေးကွက်အတွင်း ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒီ Mid-range စမတ်ဖုန်းဟာ အရှေ့ဘက်မှာ Dual-camera ကို အသုံးပြုထားမယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတာလည်း တွေ့ရပါတယ်။

ကနဦးပေါက်ကြားထားတဲ့ Renders တွေမှာတော့ OnePlus 8 စီးရီးတွေနဲ့ဆင်တူတဲ့ အရှေ့ကင်မရာတစ်လုံးပဲပါဝင်တဲ့ စမတ်ဖုန်းပုံစံတွေကို ဖော်ပြခဲ့တာပါ။ Dual-selfie ဆိုတာက အခုမှ ထွက်လာတဲ့ သတင်းသစ်ဖြစ်ပါတယ်။ အရှေ့ကင်မရာနှစ်လုံးမှာ တစ်လုံးဟာ 32MP ဖြစ်ပြီး အခြားတစ်လုံးကတော့ 8MP ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းကိုဖော်ပြတာက AndroidCentral ဖြစ်ပြီး အတွင်းရင်းမြစ်တွေ အဆိုကို ကိုးကားထားတယ်လို့လည်း ဆိုပါတယ်။ ကင်မရာနေရာချထားတဲ့ပုံစံက Huawei P40 စီးရီးတွေနဲ့ဆင်တူပြီး ဘယ်ဘက်အပေါ်ထောင့်မှာပဲ ရှိနေမယ်လို့ ရေးသားထားပါသေးတယ်။ အခုအချိန်ထိတော့ အတည်ပြုနိုင်မယ့် ရုပ်ပုံကို မတွေ့ရသေးပါဘူး။

OnePlus Nord ဟာ အလယ်လတ်တန်းစား စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ထားတဲ့ Qualcomm Snapdragon 765G လို Chipset ကို အသုံးပြုမှာဖြစ်တယ်လို့လည်း သတင်းထွက်ထားပါတယ်။ ဈေးနှုန်းကတော့ အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၃၀ ဝန်းကျင် (၄ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်ဖွယ်ရှိပါတယ်။

Ref: Gizmochina