OnePlus ရဲ့ မကြာခင်မိတ်ဆက်တော့မယ့် Mid-range ဖြစ်တဲ့ OnePlus Nord အချက်အလက်တွေက မီဒီယာအတော်များများမှာ ဖော်ပြခဲ့ကြပြီးဖြစ်ပါတယ်။ ဒီအချက်အလက်တွေထဲမှာ ပြီးခဲ့တဲ့ရက်ကအထိ အတည်မပြုနိုင်သေးတာကတော့ Chipset အကြောင်းပါပဲ။
ကနဦးသတင်းတွေမှာ OnePlus Nord အတွက် MediaTek ရဲ့ Dimensity 1000 သုံးလာမယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းမှာတော့ Snapdragon 765G သုံးထားမယ်လို့ သတင်းထွက်ခဲ့ပြန်ပါတယ်။ အခုတော့ Qualcomm ရော OnePlus ကပါ OnePlus Nord မှာ အသုံးပြုထားတဲ့ Chipset ကို အတည်ပြုပေးခဲ့ပါပြီ။
Qualcomm ရဲ့ EU ဌာနခွဲ ပြောဆိုခဲ့တာကတော့ သူတို့အနေနဲ့ OnePlus နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်လှုပ်ရှားနေကြောင်း၊ ကုမ္ပဏီရဲ့ နောက်ထပ် စမတ်ဖုန်းဟာ 5G ကွန်ရက်ကို ချိတ်ဆက်နိုင်တဲ့ Snapdragon chipset ကို အသုံးပြုထားမယ်ဆိုတဲ့အကြောင်း တွစ်တာမှာ တင်ခဲ့ပါတယ်။
TechRadar နဲ့ အင်တာဗျူးတစ်ခုမှာလည်း ပူးတွဲတည်ထောင်သူ Carl Pei က ဒီအချက်ကို ထပ်ပြီး အတည်ပြုပေးခဲ့ပါတယ်။ Carl က Nord ဟာ Snapdragon 765G chipset ကို အသုံးပြုထားတာကြောင့် ဈေးနှုန်းချိုသာတဲ့ 5G ဟန်းဆက်တစ်ခုဖြစ်လာမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Ref: GSM Arena