တရားဝင်မိတ်ဆက်မယ့်ရက် နီးကပ်လာတာနဲ့အမျှ OnePlus 8T နဲ့ပတ်သက်တဲ့ သတင်းတွေက ပိုပြီးတော့ ထွက်ပေါ်လာတာကို တွေ့မြင်လာရပါတယ်။ အထူးသဖြင့် မြင်တွေ့လာရတာကတော့ အောက်တိုဘာလ ၁၄ ရက်နေ့မှာမိတ်ဆက်မယ့် OnePlus 8T ရဲ့ ကင်မရာပိုင်းဆိုင်ရာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

OnePlus 8T ဟာ Sony IMX 586 sensor နဲ့ 48MP ကင်မရာ ပါဝင်လာမယ်လို့ သတင်းထွက်ထားပါတယ်။ တရားဝင်မဟုတ်ပေမယ့် ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ဆိုရမယ့်အချိန်မှာ ကုမ္ပဏီက ဒီကင်မရာနဲ့ရိုက်ကူးထားတဲ့ Nightscape Mode နဲ့ ဓါတ်ပုံကို တွစ်တာပေါ်တင်ပြီး ကြွားလုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

“ကြယ်တွေထွက်ပေါ်လာချိန်ဆို၊ ငါတို့ရဲ့ OnePlus 8T ကိုလည်း အပြင်ကိုယူလာရမှာပေါ့” လို့အဓိပ္ပါယ်ရတဲ့ ခေါင်းစဉ်နဲ့အတူ မျှဝေလာတဲ့ ဓါတ်ပုံဟာ နေဝင်ချိန်ညနေခင်းမြင်ကွင်းကို ကြည်လင်ပြတ်သားစွာနဲ့ ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ Noise တွေလည်း မရှိသလောက်ကို နည်းပါးပြီး၊ အရောင်စိုပြေမှုနဲ့ အလင်းအမှောင်ခွဲခြားမှုကလည်း အသိအမှတ်မပြုဘဲ မနေနိုင်လောက်တဲ့ ပုံရိပ်အဖြစ် မြင်တွေ့ရပါတယ်။

OnePlus 8T ဟာ Snapdragon 865 processor ကို အသုံးပြုထားပြီး 120Hz Refresh Rate နဲ့အတူ Flat AMOLED မျက်နှာပြင်ထက်မှာ Punch-hole တစ်ခုကို ထည့်သွင်းထားပါတယ်။ 4,500mAh ဘက်ထရီနဲ့ 65W Warp Charge ထောက်ပံ့ထားတဲ့ ဒီစမတ်ဖုန်းကို အောက်တိုဘာလ ၁၄ ရက်မှာ အိန္ဒိယဈေးကွက်ထဲ မိတ်ဆက်မှာဖြစ်ပြီး၊ နောက်တစ်ရက်အကြာ၊ အောက်တိုဘာလ ၁၅ ရက်မှာတော့ တရုတ်ဈေးကွက်ထဲ မိတ်ဆက်မှာ ဖြစ်ပါတယ်။

Ref: Gizmochina