OnePlus ရဲ့ Flagship ဖုန်းအသစ်တွေဖြစ်တဲ့ OnePlus 11 နဲ့ OnePlus 11R ဖုန်းတွေကို Global စျေးကွက်အတွက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ OnePlus ကနေ OnePlus 11 Series ဖုန်းတွေအပြင် ယခုနှစ်မှာနောက်ထပ်ဖုန်းအသစ်တွေကိုပါ မိတ်ဆက်ဖို့စီစဥ်နေပြီဖြစ်ပါတယ်။

အခုမိတ်ဆက်ဖို့စီစဥ်ထားတဲ့ OnePlus ဖုန်းအသစ်တွေက Foldable ဖုန်းအမျိုးအစားဖြစ်ပြီး OnePlus V Fold နဲ့ V Flip ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါသတင်းကို Tipster တစ်ဦးဖြစ်တဲ့ Mukul Sharma ကနေ ဖော်ပြခဲ့တာဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ မိတ်ဆက်နိုင်ဖို့စီစဥ်နေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

OnePlus ဟာ လက်ရှိအချိန်အထိ Foldable ဖုန်းတွေကို မိတ်ဆက်ထားခြင်းမရှိသေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်တာကြောင့် အဆိုပါ OnePlus Foldable ဖုန်းအသစ်တွေက ဘယ်လိုပုံစံရှိမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါပေမယ့် နာမည်အရ OPPO ကနေ မိတ်ဆက်ထားတဲ့ OPPO Find N2 နဲ့ Find N2 Flip Foldable ဖုန်းတွေနဲ့ ဆင်တူနေတာကြောင့် ဒီဇိုင်းပိုင်းမှာလည်း တူညီဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တည်းက OnePlus ကနေ Foldable ဖုန်းကို မိတ်ဆက်ဖို့ရှိတယ်ဆိုပြီး Teaser တွေထွက်ရှိခဲ့ဖူးပေမယ့် OPPO Find N2 Series ကိုပဲ တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေတစ်ခုက OPPO Find N2 Series ဟာ Global စျေးကွက်မှာ မိတ်ဆက်ထားခြင်းမရှိသေးတာကြောင့် OnePlus ကနေ နာမည်ပြောင်းလဲပြီး Global စျေးကွက်မှာ မိတ်ဆက်သွားဖွယ်ရှိပါတယ်။

Ref – Gizmo China