OnePlus က စမတ်နာရီ လာတော့မယ်လို့ ဒီလ အစောပိုင်းက သတင်းပေးခဲ့ပေမယ့် ကြေညာမယ့် အချိန်ကို ကုမ္ပဏီက မပြောသေးပါဘူး။ အခုတော့ Max Jambor က OnePlus Watch ထွက်တာ နောက်ကျနိုင်တယ်လို့ သတင်းပေးလိုက်ပါတယ်။

OnePlus Watch reportedly further delayed

သူက OnePlus Watch ကို အောက်တိုဘာလမှာ ကြေညာမယ်လို့ အရင်က သတင်းပေးခဲ့ဖူးပါတယ်။ အခုတော့ ကြေညာမယ့် အချိန်ဟာ မသေချာ မရေရာသေးပါဘူး။ OnePlus ရဲ့ စမတ်နာရီ သတင်းဟာ ၂၀၁၆ ခုနှစ်ကတည်းက စတင် ထွက်ခဲ့တာပါ။

Max Jambor က ဆော့ဖ်ဝဲ ဖန်တီးရာမှာ နှောင့်နှေးနေတာလို့ ပြောပြီး ဒီနှစ် ခရစ်စမတ် ကာလမှာ ကြေညာနိုင်ပါတယ်။ OnePlus Watch ရဲ့ ဒီဇိုင်းကိုတော့ မတွေ့ရသေးပါဘူး။ မကြာခင်မှာ အဲဒီ စမတ်နာရီရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာနိုင်ပါတယ်။

OnePlus Watch ရဲ့ ဒီဇိုင်းဟာ စက်တင်ဘာလက ကြေညာခဲ့တဲ့ Vivo Watch နဲ့ တူနိုင်တယ်လို့ ပြီးခဲ့တဲ့ လက သတင်းထွက်ခဲ့ပါတယ်။ OnePlus ဟာ Snapdragon Wear 4100 Platform ကို အသုံးပြုထားနိုင်ပြီး 2100 နဲ့ 3100 Platforms တွေထက် စွမ်းဆောင်ရည် ပိုကောင်းသလို ဘက်ထရီ စားတာ နည်းပါတယ်။ လက်ရှိမှာ အဲဒီ Platform သုံးထားတဲ့ ၁ ခုထဲသော စမတ်နာရီက Mobvoi TicWatch Pro 3 GPS ဖြစ်ပါတယ်။

Ref : gsmarena