OnePlus ဟာ ယခုနှစ်မှာ OnePlus Nord နာမည်နဲ့ Mid Range Series 5G စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Qualcomm Snapdragon 765G ၊ 90Hz AMOLED Display နဲ့ 30W Fast Charging တွေကြောင့် တော်တော်လေးကို အောင်မြင်ခဲ့တဲ့စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက OnePlus ကနေ စျေးနှုန်းပိုသက်သာတဲ့ OnePlus Nord Series ဖုန်းတွေဖြစ်တဲ့ OnePlus Nord N10 5G နဲ့ Nord N100 စမတ်ဖုန်းအသစ်တွေကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။ အဆိုပါ ဖုန်းတွေက ယခင် OnePlus ဖုန်းတွေကနေကွဲထွက်နေပြီး OPPO နဲ့ realme ကထုတ်လုပ်နေတဲ့ Budget ဖုန်းတွေနဲ့ပိုပြီးဆင်တူနေတာဖြစ်ပါတယ်။

အခုလည်း အဆိုပါ Nord N10 5G နဲ့ Nord N100 ဖုန်းတွေအတွက် သတင်းဆိုးတစ်ခုကို OnePlus ကနေ အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါကတော့ အဆိုပါ Nord Series ဖုန်း ၂ လုံးဟာ Android 11 OS Update ကိုပဲရရှိမှာဖြစ်ပြီး နောက်ထပ် Major OS Update ရရှိမှာမဟုတ်တော့ပါဘူး။ အဲ့ဒီအတွက် ၂ နှစ် Security Update အနေနဲ့ပဲရရှိမှာဖြစ်ပါတယ်။

ဒီသတင်းက OnePlus လိုမျိုး Software Update ပိုင်းမှာ နာမည်ကောင်းရနေတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ကတော့ တော်တော်လေးကို ထူးဆန်းနေတာဖြစ်ပါတယ်။ အဆိုပါ Nord Series ဖုန်း ၂ လုံးဟာ OnePlus 8T နောက်ပိုင်းမှ မိတ်ဆက်တာဖြစ်ပေမယ့် OnePlus 8T ကိုပဲ Android 11 နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပြီး Nord N10 5G နဲ့ N100 ဖုန်းတွေကိုတော့ Android 10 OS နဲ့ပဲ မိတ်ဆက်ခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် OnePlus ရဲ့ အခုဆုံးဖြတ်ချက်ဟာ Nord N10 5G နဲ့ N100 ဖုန်းတွေရောင်းအားကို အနည်းနဲ့အများထိခိုက်နိုင်ပြီး OnePlus Nord ဖုန်းအတွက်ကရော ဘယ်လောက်ထိ Software Update ပေးနိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – 9to5Google