OnePlus စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ OxygenOS ဟာဆိုရင် Stock Android နဲ့ဆင်တူတယ်ဆိုပေမယ့် Feature ပိုင်းတွေစုံလင်ပြီး အသုံးပြုရတာမြန်ဆန်တဲ့အတွက် လူကြိုက်များနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် OxygenOS မှာ တခြားသောစမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ UI တွေနဲ့ယှဥ်မယ်ဆိုရင် အားနည်းချက်တစ်ခုရှိနေပါတယ်။

ဒါကတော့ Display ပိုင်းမှာ AMOLED Display တွေကိုအသုံးပြုထားပေမယ့်လည်း Always-on Display ကိုအသုံးပြုနိုင်ခြင်းမရှိတာပဲဖြစ်ပါတယ်။ OnePlus စမတ်ဖုန်းတွေမှာ Tap ပြုလုပ်လိုက်ရင် သို့မဟုတ် ဖုန်းကိုကိုင်လိုက်တာနဲ့ မြင်ရတဲ့ Ambient Display ပါဝင်ပေမယ့် Always-on Display တော့မဟုတ်ပါဘူး။

ဒီလိုမျိုး OnePlus ဖုန်းတွေမှာ Always-on Display ပါဝင်ခြင်းမရှိတဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရပြီး ပြီးခဲ့တဲ့လပိုင်းတုန်းကတော့ OnePlus ကနေ သြဂုတ်လနောက်ပိုင်းမှာ Update ထုတ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာတော့ OnePlus ရဲ့ Founder နဲ့ CEO ဖြစ်တဲ့ Pete Lau ကနေ Twitter Account ကနေတစ်ဆင့် ရရှိလာနိုင်မယ့်အချိန်ကို ပြောကြားခဲ့ပါတယ်။

Pete Lau ကတော့ ‘ 11 “on display” ‘ဆိုပြီးရေးသားဖော်ပြခဲ့တာဖြစ်ပြီး ပါဝင်လာနိုင်ခြေရှိတဲ့ Always-on Display Design တစ်ခုကိုပါ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android 11 ကို အခြေခံလာမယ့် OxygenOS 11 Update မှာ Always-on Display ကို Update ပြုလုပ်ပေးဖို့ သေချာသလောက်ဖြစ်နေပါပြီ။

ဒါပေမယ့်လည်း ဘယ် OnePlus ဖုန်းတွေအနေနဲ့ Always-on Display Feature ကိုရရှိနိုင်မလဲဆိုတာကတော့ သေချာမသိရှိရသေးပါဘူး။ OnePlus စမတ်ဖုန်းတွေက AMOLED Display ကိုပဲ အကုန်လုံးအသုံးပြုထားတဲ့အတွက် ဖုန်းတိုင်းရရှိလာမယ်လို့ပဲ ယူဆရပါတယ်။

Ref – Android Authority