နောက်ဆုံးမှာတော့ တောင်ကိုရီးယားမှာရှိတဲ့ Samsung Galaxy S20 စီးရီးအသုံးပြုသူတွေဟာ OneUI 3.0 Public Beta ကို ရယူသုံးစွဲနိုင်ကြပြီလို့ သိရပါတယ်။ လတ်တလောမှာ ဒီ Beta ဟာ အကန့်အသတ်တစ်ခုနဲ့သာ ဖွင့်ပေးထားတာဖြစ်ပေမယ့်၊ မကြာခင်အချိန်အတွင်း အရေအတွက် တိုးလာလိမ့်မယ်လို့ Samsung Korean forum တစ်ခုမှာ ရေးထားတာကိုလည်း တွေ့မြင်ရပါတယ်။

Android 11 ကို အခြေခံထားတဲ့ OneUI 3.0 ကို Samsung ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကတည်းက အတည်ပြုပေးခဲ့တာပါ။ အဲဒီနောက်မှာတော့ Galaxy S20 စီးရီးအတွက် ပထမဦးဆုံး Developer build ကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့မှာ ကြေညာခဲ့ပါတယ်။ နှစ်လကျော်ကြာသွားချိန်မှာတော့ UI အတွေ့အကြုံသစ်ကို ပြင်ပသုံးစွဲသူတွေလက်ထဲ ထည့်ပေးလာတာ ဖြစ်ပါတယ်။

OneUI 3.0 beta ကို လက်ရှိအချိန်မှာ Galaxy S 20 စီးရီးအချို့ဆီ ကန့်သတ်ထုတ်ဝေပေးထားပေမယ့် မကြာခင်မှာပဲ အခြားထုတ်ကုန်တွေဆီလည်း ပို့ဆောင်ပေးလာမယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်မှာတော့ တောင်ကိုရီးယားမှာရှိတဲ့ Carrier တွေဖြစ်တဲ့ SKT, KT, LGU+ တို့နဲ့အတူ Galaxy S20, S20+ နဲ့ S20 Ultra တို့ကို UI သစ် ရယူသုံးစွဲနိုင်ပါပြီ။

UI သစ်သုံးစွဲလိုသူတွေဟာ Samsung Members App ကို Download ဆွဲပြီး မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Beta ဗားရှင်းကိုသုံးဖို့အတွက် Settings->software update->download and install ကို တစ်ဆင့်ချင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ မကြာသေးခင်က ထုတ်ပြန်ထားတဲ့ကြေညာချက်အရ OneUI 3.0 မှာ Android 11 feature တွေနဲ့ မွမ်းမံပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Ref: Gizmochina