Apple ရဲ့ မျိုးဆက်သစ် iPhone 13 တွေကို အစဉ်အလာအတိုင်း စက်တင်ဘာလထဲမှာပဲ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာလည်း Android အသုံးပြုသူ ဘယ်နှရာခိုင်နှုန်းလောက်က iPhone အသစ်ကို ပြောင်းသုံးဖို့ စိတ်ဝင်စားကြမလဲဆိုတဲ့ မေးခွန်းကိုလည်း အစဉ်အလာမပျက်မေးနေကြတုန်း ဖြစ်ပါတယ်။

Apple ကတော့ သူတို့ရဲ့ iPhone တွေကို စိတ်ဝင်စားမှုမြင့်တက်လာကြမယ်လို့ မျှော်လင့်ထားတာပါ။ SellCell က ပြုလုပ်တဲ့ စစ်တမ်းသစ်အရဆိုရင်တော့ သိပ်ပြီးအများကြီးမရှိပါဘူး။ နည်းပညာဝန်ဆောင်မှုကို အသုံးပြုပြီး အမေရိကန်ပြည်ထောင်စုက Android အသုံးပြုသူဦးရေငါးထောင်ကို iPhone 13 တွေအပေါ် စိတ်ဝင်စားလားလို့ မေးမြန်ကြည့်ရာမှာ 81.7% က “ဟင့်အင်း” လို့ ဖြေခဲ့ကြပါတယ်။

တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့ 18.3% က သူတို့ရဲ့ Android ဖုန်းအသုံးပြုမှုကိုအဆုံးသတ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သဘောပါပဲ။ အံ့သြစရာကောင်းတာက SellCell ရဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့နှစ်က iPhone သစ်အပေါ်စိတ်ဝင်စားမှုဟာ 33% နီးပါးဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ရဲ့စိတ်ဝင်စားမှုက မနှစ်ကနဲ့နှိုင်းယှဉ်ရင် 15% နီးပါး လျော့နည်းသွားတယ်လို့တောင် ဆိုနိုင်ပါတယ်။

Apple က မျိုးဆက်သစ် iPhone တွေအတွက် အကောင်းဘက်ကမျှော်လင့်ထားပေမဲ့ စစ်တမ်းမှာတော့ စိတ်ဝင်စားမှုလျော့နည်းသွားတာကိုဖော်ပြနေတာ ဘာကြောင့်လဲ။ အကြောင်းရင်းက အသုံးပြုသူအများစုဟာ Fingerprint sensor ကို လက်လွှတ်ရမှာစိတ်မဝင်စားတာ၊ iPhone 13 အများစုဟာ Face ID ကိုပဲဆက်သုံးသွားမှာဆိုတဲ့ အကြောင်းကြောင့်လို့ အခြားစစ်တမ်းတစ်ခုက ဖော်ပြပါတယ်။

တစ်ဖက်ကပြန်ကြည့်ရင်လည်း ကမ္ဘာ့ကပ်ရောဂါက အခုအချိန်အထိ ပြီးဆုံးသေးတာမဟုတ်ပါဘူး။ သုံးစွဲသူက Mask တပ်ထားချိန်မှာ Face ID က ကောင်းကောင်းအလုပ်လုပ်နိုင်တယ်ဆိုပေမဲ့ အများစုကတော့ Fingerprint ကိုပဲ ပိုပြီးစိတ်ချကြတာ ဖြစ်ပါတယ်။ နောက်ထပ်အကြောင်းပြချက်တစ်ခုက iOS မှာ Customizability မရှိခြင်းပါပဲ။

မကြာခင်ကထွက်ပေါ်လာတဲ့ပေါက်ကြားသတင်းမှာတော့ Apple ဟာ iPhone 13 တွေရဲ့ Face ID စနစ်ဟာ Mask တပ်ထားချိန်၊ Foggy Glasses တပ်ဆင်ထားချိန်မှာတောင် ကောင်းမွန်စွာအလုပ်လုပ်နိုင်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒီတိုးတက်ပြောင်းလဲမှုကရော Android အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Android Authority