OpenAI က ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ မိတ်ဆွေ အနေနဲ့ ရည်ရွယ်ပြီး ChatGPT Health ဆိုတဲ့ ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒါဟာ ChatGPT အတွင်းမှာ သီးသန့်ခွဲထားတဲ့ sandboxed tab တစ်ခုဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကို ပိုမိုလုံခြုံပြီး ကိုယ်ပိုင်အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ပုံစံမျိုး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

ChatGPT Health

ပိုမိုတိကျတဲ့ အကြံဉာဏ်တွေရဖို့အတွက် Apple Health ၊ MyFitnessPal ၊ Weight Watchers နဲ့ Function လို ကျန်းမာရေး App တွေအပြင် ကိုယ့်ရဲ့ ဆေးမှတ်တမ်းတွေကိုပါ ချိတ်ဆက်ထားဖို့ OpenAI က တိုက်တွန်းထားပါတယ်။ b.well နဲ့ ပူးပေါင်းထားတာကြောင့် သုံးစွဲသူတွေက ဆေးမှတ်တမ်းတွေ တင်နိုင်မှာဖြစ်ပြီး ChatGPT က ဓာတ်ခွဲခန်းအဖြေတွေ၊ ဆေးကုသမှု ရာဇဝင်တွေနဲ့ လေ့ကျင့်ခန်းအချက်အလက်တွေကို သုံးသပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ ရောဂါရှာဖွေဖို့နဲ့ ကုသဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးလို့ OpenAI က သတိပေးထားပေမယ့် လက်ရှိမှာ တစ်ပတ်ကို လူသန်း ၂၃၀ လောက်က ကျန်းမာရေးမေးခွန်းတွေ မေးနေကြတယ်လို့ ဆိုပါတယ်။ အရင်က AI တွေရဲ့ အကြံဉာဏ်အမှားတွေကြောင့် အန္တရာယ်ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တာကြောင့် အခု ChatGPT Health မှာတော့ ဆရာဝန် ၂၆၀ ကျော်နဲ့ ပူးပေါင်းပြီး အဖြေတွေကို ပိုမိုတိကျအောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Introducing ChatGPT Health | OpenAI

စိတ်ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ရင်လည်း OpenAI ရဲ့ Applications CEO က ဒီကဏ္ဍဟာ ကျန်းမာရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် လက်ခံဖြေကြားပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေ စိုးရိမ်စိတ်လွန်ကဲတာမျိုး မဖြစ်ရအောင် စီစဉ်ထားပြီး အရေးကြီးတဲ့ အခြေအနေမျိုးမှာ ကျန်းမာရေးပညာရှင်တွေဆီ သွားရောက်ပြသဖို့ လမ်းညွှန်ပေးမယ့် စနစ်တွေ ထည့်သွင်းထားပါတယ်။

လုံခြုံရေးအရ ကြည့်မယ်ဆိုရင် ဒီ Health tab မှာ ပြောဆိုထားတာတွေကို AI model တွေ လေ့ကျင့်ပေးရာမှာ သုံးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီစနစ်က HIPAA လို ကျန်းမာရေး ဥပဒေတွေနဲ့တော့ အကျုံးမဝင်ပါဘူး။ ChatGPT Health ကို လောလောဆယ်မှာ waitlist နဲ့ စတင်ပေးနေပြီး နောက်ပိုင်းမှာ အခမဲ့ရော အခပေး သုံးစွဲသူတွေပါ အားလုံး သုံးခွင့်ရလာမှာ ဖြစ်ပါတယ်။

Ref: Theverge