OpenAI ရဲ့ စာသားကနေ ဗီဒီယိုဖန်တီးပေးနိုင်တဲ့ Sora app ဟာ စက်တင်ဘာလနှောင်းပိုင်းမှာ မိတ်ဆက်ပြီး ငါးရက်မပြည့်ခင်မှာပဲ download ပြုလုပ်သူအကြိမ်ရေ တစ်သန်းအထိ ရောက်ရှိသွားခဲ့တယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
OpenAI ရဲ့ Sora ဌာနမှ Bill Peebles က ဒီအောင်မြင်မှုကို X လူမှုကွန်ရက်မှာ ဗုဒ္ဓဟူးနေ့ညက ဝမ်းမြောက်စွာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူက Sora ဟာ ကုမ္ပဏီရဲ့ နာမည်ကျော် AI Chatbot ဖြစ်ပြီး အပတ်စဉ် သုံးစွဲသူ သန်း ၈၀၀ အထိရှိတဲ့ ChatGPT ထက်တောင် ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ download အကြိမ်ရေ တစ်သန်းပြည့်မြောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Sora app ဟာ စာသားရိုက်ထည့်ရုံနဲ့ အရည်အသွေးမြင့် ဗီဒီယိုအတိုလေးတွေကို အခမဲ့ ဖန်တီးနိုင်အောင် ပြုလုပ်ပေးပါတယ်။ လက်ရှိမှာတော့ အဲဒီ app ကို iOS device တွေမှာပဲ အသုံးပြုနိုင်သေးပြီး ဖိတ်ကြားထားတဲ့ကုဒ်ရှိသူတွေသာ သုံးစွဲနိုင်ဦးမှာ ဖြစ်ပါတယ်။
အဲဒီလို ကန့်သတ်ချက်တွေရှိနေပေမယ့်လည်း Sora ဟာ Apple ရဲ့ App Store မှာ နံပါတ် ၁ နေရာအထိ အရှိန်အဟုန်နဲ့ တက်လှမ်းနိုင်ခဲ့တာက ဘယ်လောက်လူကြိုက်များသလဲဆိုတာ သက်သေပြနေပါတယ်။
Ref : cnbc