OPPO က Reno4 Series မိတ်ဆက်ပွဲမှာ OPPO Band, OPPO Band Fashion နဲ့ OPPO Band EVA ကိုပါ ချပြလိုက်ပါတယ်။ ၁၉၉ ယွမ်၊ ၂၄၉ ယွမ်နဲ့ ၂၉၉ ယွမ် အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သောင်း ၉ ထောင်၊ ၄ သောင်း ၉ ထောင်နဲ့ ၅ သောင်း ၉ ထောင်လောက် အသီးသီး ကျသင့်မှာပါ။

OPPO Band မော်ဒယ် ၃ ခုစလုံးမှာ ၁.၁ လက်မ AMOLED မျက်နှာပြင်ပါလာပြီး 126x294p Resolution ရှိပါတယ်။ မျက်နှာပြင်ကို 2.5D Curved Glass နဲ့ ဖုံးအုပ်ထားပါတယ်။ Android 6.0 , iOS 10.0 နဲ့အထက် Device တွေကို Bluetooth 5.0 ကနေ ချိတ်ဆက်နိုင်ပြီး OPPO Watch မှာ ပါတဲ့ Apollo 3 Chip မောင်းနှင်ထားပါတယ်။

OPPO Band ရဲ့ အဓိက လုပ်ဆောင်ချက်တွေက အားကစားနည်း ၁၂ မျိုး၊ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာတာတွေ ဖြစ်ပါတယ်။ Phone Call, Message နဲ့ App Notification တွေကို ပြသပေးပြီး သီချင်းတွေကို ထိန်းချုပ်နိုင်ပါတယ်။ Find My Phone လုပ်ဆောင်ချက် ထည့်ထားပြီး ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။

Band Faces ပေါင်း ၁၆၀ တောင်ပါပြီး Fashion Version မှာ NFC ပါတဲ့အတွက် ငွေပေးချေမှု ပြုလုပ်နိုင်ပါတယ်။ မော်ဒယ်အားလုံးရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေနဲ့ လုပ်ဆောင်ချက်တွေက တူညီကြပေမယ့် လက်ပတ်ကြိုး ဒီဇိုင်းနဲ့ အရောင်တွေက ကွဲပြားပါတယ်။ ရိုးရိုး မော်ဒယ်အတွက် လက်ပတ်ကြိုး အနက်နဲ့ ခရမ်းရောင် ထုတ်လုပ်ထားပါတယ်။

Fashion Version အတွက် ရုပ်ကြွတဲ့ လက်ပတ်ကြိုး ဒီဇိုင်း သုံးထားပြီး အနက်နဲ့ ပန်းနုရောင် ထုတ်လုပ်ထားပါတယ်။ OPPO Band EVA ဟာ Fashion Version နဲ့ ဒီဇိုင်း တူညီပြီး Neon Genesis Evangelion anime-themed လက်ပတ်ကြိုး တပ်ဆင်ထားပါတယ်။

Ref : gizmochina