လက်ရှိအချိန်မှာ စမတ်ဖုန်းကုမ္ပဏီအများစုက ကိုယ်ပိုင် Chipset တွေကို အသုံးပြုတာ ရှားပါးပြီးတော့ တခြားသော Chipset ထုတ်လုပ်သူတွေဖြစ်တဲ့ Qualcomm ၊ MediaTek တို့ဆီကပဲ Chipset တွေကို ဝယ်ယူအသုံးပြုနေတာဖြစ်ပါတယ်။

ဒါပေမယ့် Chipset တွေကို ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီ ၃ ခုရှိနေပြီးတော့ ဒါက Apple ၊ Samsung နဲ့ Huawei တို့ပဲဖြစ်ပါတယ်။ Xiaomi ကတော့ ယခင်တုန်းက Surge S1 Chipset ကို ထုတ်လုပ်ခဲ့ဖူးပေမယ့် အောင်မြင်ခြင်းမရှိတဲ့အတွက် Qualcomm Snapdragon Chipset တွေနဲ့ MediaTek Chipset တွေကိုပဲ ပြန်လည်အသုံးပြုနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ OPPO ကလည်း ကိုယ်ပိုင် Chipset တွေကို ထုတ်လုပ်သွားတော့မယ့်ပုံစံပါပဲ။

OPPO ကနေ ယခင်တုန်းက OPPO M1 အမည်ရှိတဲ့ Chipset တစ်ခုကို ထုတ်လုပ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ဖူးပေမယ့် တကယ်တမ်းမှာတော့ Power Management အတွက် သုံးတဲ့ Co-processor တစ်ခုပဲဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ စမတ်ဖုန်းတွေအတွက် Chipset ကို ကိုယ်တိုင်ထုတ်လုပ်နေတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါပြီ။

ဒါက လက်ရှိ OPPO CEO ရဲ့ Special Assistant ကနေ ကုမ္ပဏီအတွင်းကို ဖြန့်ဝေခဲ့တဲ့ Internal Note အရ “Mariana Plan” လို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင် Chipset ထုတ်လုပ်နေတယ်ဆိုတာကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ Chipset Project ကို OPPO TMG Technical Committee နဲ့ OPPO Chip Platform Department တွေရဲ့ ဦးဆောင်သူဖြစ်တဲ့ Chan Yen ကနေ တာဝန်ယူဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ Chan Yen ဟာ ယခင်တုန်းက Qualcomm ဆီမှာ Technical Director အဖြစ်လည်း အလုပ်လုပ်ကိုင်ခဲ့ပါသေးတယ်။

နောက်ဆုံးသိရတဲ့သတင်းတွေအရဆိုရင် OPPO အပြင် Realme နဲ့ OnePlus ကုမ္ပဏီတွေရဲ့ Technician တွေကလည်း အဆိုပါ အစီအစဥ်အတွက် ပါဝင်နေတယ်လို့ သိရပြီးတော့ တကယ်လို့သာ OPPO ကနေ ကိုယ်ပိုင် Chipset ထုတ်လုပ်မယ်ဆိုရင် Realme နဲ့ OnePlus ကုမ္ပဏီတွေကပါ OPPO Chipset ကို အသုံးပြုလာနိုင်တဲ့ပုံစံပါပဲ။

OPPO ဟာ ပြီးခဲ့တဲ့ Future Technology Conference မှာ လာမယ့် ၃ နှစ်အတွင်းကို Research & Development အတွက် တရုတ်ယွမ်ငွေ ၅၀ ဘီလီယံ (ဒေါ်လာ ၇ ဘီလီယံကျော်) ရင်းနှီးမြုပ်နှံသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref – Gizmo China