ပြီးခဲ့သည့် မေလ ၃ဝ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ OPPO F7 နှင့် OPPOF7 Youth စမတ်ဖုန်းအသစ်များကို မြန်မာနိုင်ငံရဲ့ဈေးကွက်တွင် တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။ OPPO ၏ Ambassador များဖြစ်ကြသော၂ ထပ်ကွမ်းအကယ်ဒမီဆုရှင် ဝတ်မှုံရွှေရည်၊ အဆိုတော်ရွှေထူးတို့အပြင် Customer Relations Ambassador များဖြစ်ကြသော အကယ်ဒမီပိုင်ဖြိုးသုနှင့် မော်ဒယ်လ်သရုပ်ဆောင်ပိုင်တံခွန်၊ အဆိုတော်ကိုမျိုးကြီးတို့နှင့်အတူအခြားနာမည်ကြီးအနုပညာရှင်များဖြစ်ကြသော ရဲရင့်အောင်၊ တိုင်ရွန်၊ မေတိုးခိုင်၊ ဧငြိမ်းဖြူတို့ လည်း အခမ်းအနားသို့ တက်ရောက်လာခဲ့ကြပါတယ်။

ပထမဆုံးအစီအစဉ်အနေနဲ့ Project_K အဖွဲ့မှနေ၍ ဆန်းပြားထူးခြားသော ကကွက်များဖြင့် ကပြဖျော်ဖြေပေးခဲ့ပါတယ်။ ထို့နောက်မှာ OPPO Branding ပိုင်းဆိုင်ရာများနှင့် OPPO F7 နှင့်OPPO F7 Youth ထုတ်ကုန်သစ်တို့ရဲ့ အသေးစိတ်အကြောင်းအရာများကိုတော့ OPPO Myanmar ၏ Product Manager ကိုသန်းအောင်မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထို့နောက်မှာတော့ OPPO ၏ Ambassador သစ်များဖြစ်ကြသော သရုပ်ဆောင်ဝတ်မှုံရွှေရည်နှင့် အဆိုတော်ရွှေထူးတို့ကို OPPO Myanmar ၏ Brand Director ဖြစ်သော Mr.Bryan Lee မှ စင်ပေါ်သို့ဖိတ်ကြားခဲ့ပြီး OPPO F7 နှင့် OPPO F7 Youth တို့၏ဈေးနှုန်းများကို အတူတကွ ကြေညာပေးခဲ့ပါတယ်။ အခမ်းအနားသို့ကြွရောက်လာကြသော ဧည့်သည်တော်များ၊ မီဒီယာများ၊ O-Fan များနှင့် OPPO ၏ ထူးချွန်ဝန်ထမ်းများဖြစ်ကြသည့် O-Star နှင့်O-Idol တို့အတွက် ရွှေထူးက အသစ်စက်စက်သီချင်းတစ်ပုဒ်အပါအဝင် သီချင်းအမြူးအကြွများတို့ဖြင့် သီဆိုဧည့်ခံပေးခဲ့ပါတယ်။

ဧည့်သည်များအတွက်လည်း အထူးအစီအစဉ်တစ်ရပ်အနေနဲ့ OPPO F7 ၃ လုံးနှင့် OPPO F7 Youth ၃ လုံးကို မဲဖောက်ရွေးချယ်ချီးမြှင့်ပေးခဲ့ပါတယ်။ ထို့နောက်တွင် OPPO F7 နှင့် OPPO F7 Youth တို့ကို လက်တွေ့လေ့လာစမ်းသပ်နိုင်စေရန်အတွက် Experience Zone ကို ဖွင့်လှစ်ကြေညာရင်းဖြင့် အခမ်းအနားကို အောင်အောင်မြင်မြင်ဖြင့် အဆုံးသတ်ခဲ့ပါတယ်။ ပြီးနောက်မှာ Ambassador များ၊ အနုပညာရှင်များတို့ဖြင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း၊ စာနယ်ဇင်းသတင်းမီဒီယာမှ အင်တာဗျူးမေးမြန်းခြင်းများကို ပြန်လည်ဖြေကြားခြင်းများပြုလုပ်ပေးခဲ့ကာ ပွဲကိုအဆုံးသတ်ခဲ့ပါတယ်။

ယခုမိတ်ဆက်ပေးလိုက်သည့် F Series ထုတ်ကုန်သစ်များဟာဆိုရင် ယခင် F Series များနှင့် ဒီဇိုင်းပိုင်းတွင်တစ်မျိုးလေးပြောင်းလဲသွားတာကို တွေ့မြင်နိုင်မှာပါ။ အထူးသဖြင့် ဖုန်း၏နောက်ကျောဖက်ကို ဖန်သားမျက်နှာပြင်ကဲ့သို့ ဖန်တီးလုပ်ဆောင်ပေးထားပါတယ်။ ကမ္ဘာ့ပထမဆုံး 25MP အရည်အသွေးရှိ Selfie ကင်မရာနှင့်အတူ အဆင့်မြှင့်တင်ပေးထားသော AI Beauty 2.0 နည်းပညာကိုပါ OPPO F7 တွင် ထည့်သွင်းပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ထို့အပြင် Sony ၏ 576 sensor အမျိုးအစားကိုပါ Selfie ကင်မရာအတွက် အသုံးပြုတပ်ဆင်ပေးထားခြင်းကြောင့် သမားရိုးကျ Software HDR ထက်ပိုမိုကောင်းမွန်သော Sensor HDR အဖြစ် လုပ်ဆောင်ပေးပါလိမ့်မယ်။ ရုပ်ထွက်ပိုင်းကြည်လင်ပြတ်သားပြီး အရောင်စိုပြေမှုရှိစေမည့် 2280×1080 Pixel အရည်အသွေးရှိ FullHD+ Super Full Screen ကို အသုံးပြုပေးထားကာ မျက်နှာပြင်အရွယ်အစားမှာ 6.23 inches ရှိစေမှာပါ။ စွမ်းဆောင်ရည်ကောင်းမွန်ပြီး 12nm တည်ဆောက်မှုကို အခြေခံဖန်တီးထားသည့် Octa-core 2.0 GHz မြန်နှုန်းရှိ CPU နှင့်အတူ RAM 4GB တို့ကို ထည့်သွင်းပေးထားပါတယ်။ Internal memory အဖြစ် 64GB တစ်ပါတည်းပါဝင်ပြီး SD Card မှတစ်ဆင့် 256GB အထိ ထပ်တိုးအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

ထိုမျှသာမက 4G SIM ကဒ်၂ ကဒ် တစ်ပြိုင်တည်းအသုံးပြုနိုင်စေမည့် Triple Slot Tray အမျိုးအစားကို သုံးပေးထားပါတယ်။ နောက်ကင်မရာအတွက်ကိုလည်း 16MP အမျိုးအစားကို အသုံးပြုပေးထားပြီး ကင်မရာတစ်လုံးတည်းဖြင့် Portrait ဓာတ်ပုံများကိုပါ ရိုက်ယူနိုင်စေအုံးမှာပါ။ ထူးခြားသည့်AI Battery Management စနစ်များပါထပ်တိုးပါဝင်လာခဲ့သလို အရွယ်အစားကြီးမားသည့် 3400 mAh Battery ကိုပါ အသုံးပြုပေးထားခြင်းကြောင့် ပုံမှန်အတိုင်းအသုံးပြုမည်ဆိုပါက ၁၅ နာရီနီးပါးအထိ ကြာရှည်ခံစေနိုင်မှာဖြစ်ပါတယ်။

Software ပိုင်းတွင်လည်း Android Version 8.1 ပေါ် အခြေခံထားသည့် OPPO ၏ အသစ်စက်စက် ColorOS 5.0 ကြောင့် ဖုန်းအသုံးပြုမှုအပိုင်းများတွင်လည်း ပိုမိုကောင်းမွန်လာစေဦးမှာဖြစ်ပါတယ်။ OPPO F7 အတွက် Solar Red, Moonlight Silver နှင့် Diamond Black အရောင် ၃ မျိုးထုတ်ပေးထားပြီး ၃၈၉,ဝဝဝ ကျပ်ဖြင့် ရောင်းချပေးသွားမှာပါ။

OPPO F7 Youth မှာ စွမ်းဆောင်ရည်အပိုင်းတွင် OPPO F7 ကဲ့သို့ တူညီမှုရှိစေမည်ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားမှာ FullHD+ ရုပ်ထွက်အရည်အသွေးထောက်ပံ့ပေးထားသည့် 6 Inches ရှိမှာပါ။ OPPO F7 Youth မှာ အဆင့်မြင့် AI နည်းပညာများအပါအဝင် 13MP အရည်အသွေးရှိ နောက်ကင်မရာတစ်လုံးတည်းဖြင့် Portrait ပုံများကိုပါ ရိုက်ယူနိုင်စေဖို့ ကူညီပေးသွားဖြစ်ပါတယ်။ ရှေ့ဘက် Selfie ကင်မရာအတွက် ရုပ်ထွက်ကြည်လင်မှုရှိစေမယ့် 8MP အမျိုးအစားကို သုံးပေးထားပြီး OPPO F7 အတိုင်း တူညီသည့်အရောင် ၃ မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

OPPO F7 Youth မှာ ယခင်ကလူကြိုက်များရောင်းအားကောင်းခဲ့သည့် OPPO F5 Youth ကို အဆင့်မြှင့်တင်ထုတ်လုပ်ပေးလိုက်သည့် Upgrade ဖုန်းတစ်လုံးဖြစ်လာခဲ့ပြီး ဈေးနှုန်းအနေနဲ့လည်း OPPO F5 Youth ကို ရောင်းချပေးခဲ့သည့် ၃၁၉,ဝဝဝ ကျပ်ဖြင့်သာ ရောင်းချပေးသွားမှာဖြစ်သည့်အတွက် သုံးစွဲသူများအနေဖြင့် ပိုကောင်းသည့်ဖုန်းကို ယခင် OPPO F5 Youth ၏ဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည့်အခွင့်အရေးကောင်းတစ်ခုပါပဲ။ OPPO F7 Youth ကို မေလ ၃၁ ရက်မှ ဇွန်လ ၆ ရက်အတွင်း Pre-order မှာယူမည့်သူများအနေနဲ့ OPPO ၏ အထူးလက်ဆောင်ဖြစ်သည့် ကျောပိုးအိတ်ကို ရရှိသွားမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ်လာမည့် ဇွန်လ ၉ ရက်မှစတင်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ်။