Oppo အကြီးအကဲတစ်ဦးဖြစ်တဲ့ Brian Shen ဟာ မိတ်မဆက်ရသေးတဲ့ Oppo Find X2 စမတ်ဖုန်းကို ကြိုတင်ကိုင်တွယ်ခွင့်ရသူတွေထဲက တစ်ဦးပါ။ ယနေ့ သူ့ရဲ့ တွစ်တာပိုစ့်ထဲမှာတော့ ဒီဖုန်းမှာပါဝင်လာမယ့် 120Hz Refresh Rate နဲ့ Display ဟာ ဘက္ထရီသက်တမ်းကို ဘယ်လိုသက်ရောက်နိုင်လဲဆိုတာ ပြသလာပါတယ်။

သူ့ရဲ့တစ်နေ့တာပုံမှန်သုံးစွဲပုံနဲ့ သုံးစွဲရင် ဒီဖုန်းဟာ ၈ နာရီနီးပါး (၇.၉ နာရီ) ကြာအောင် အသုံးခံခဲ့ပါတယ်။ ဒါပေမယ့် Shen ရဲ့ပြောစကားအရ ဒီဖုန်းမှာ သင့်တော်တဲ့ Refresh Rate ကို အလိုအလျှောက်ပြောင်းပေးတဲ့ Intelligent Refresh Rate Mode ပါဝင်တာကြောင့် ဘက္ထရီသက်တမ်းကို ၁၀% ထပ်ပြီးဆွဲဆန့်လို့ရသေးတယ်လို့ သိရပါတယ်။

Oppo Find X2 စမတ်ဖုန်းသစ်မှာ 65W ထိ မြင့်မားတဲ့ Super VOOC 2.0 အားသွင်းစနစ်ပါဝင်ပြီး ဘက္ထရီအားက 4,065 mAh ဖြစ်ပေမယ့် လက်ရှိစမတ်ဖုန်းတွေထဲမှာ အမြင့်ဆုံး Refresh Rate ဖြစ်တဲ့ 120Hz Display ကြောင့် အသုံးခံပါ့မလား ဆိုတဲ့ သံသယတွေကို ခြေဖျက်ပေးဖို့ ကြိုးစားထားတာလည်းဖြစ်ပါတယ်။

Oppo ရဲ့ Teaser မှာ မြင်တွေ့ရတဲ့ Find X2 ဟာ 1440p+ Resolution နဲ့ 120Hz Display ဖြစ်တာကို တွေ့ရပြီး OLED Panel ဖြစ်ဖို့များပါတယ်။ ဘယ်ဘက်အပေါ်ထောင့်မှာလည်း ဆဲလ်ဖီကင်မရာတစ်လုံးအတွက် Punch-hole ပါဝင်ပါတယ်။ Find X2 ဖုန်းကို လာမယ့် မတ်လ ၆ ရက်နေ့မှာ Oppo Watch အသစ်နဲ့အတူ မိတ်ဆက်လာမှာပါ။

Ref – GSM Arena