Oppo Find X2 ဟာ အစကတော့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မိတ်ဆက်ဖို့ပါ။ ဒါပေမယ့် MWC ပွဲကို ဖျက်သိမ်းလိုက်တဲ့အတွက် မတ်လအတွင်းမှာ ပြောင်းလဲမိတ်ဆက်မယ်လို့ ထုတ်ပြန်ခဲ့ရပါတယ်။ ယနေ့မှာတော့ ဒီဖုန်းကို ဗီယက်နမ်မှ အွန်လိုင်းစတိုးတစ်ခုက မှားယွင်းပြီး ထုတ်ဖော်ပြသလာတဲ့အတွက် တရားဝင် Specs တွေကို မြင်တွေ့ခွင့် ရခဲ့ပါတယ်။

ဒီဖုန်းမှာ 6.5” AMOLED Display ပါဝင်ပြီး အပေါ်က Gorilla Glass 6 အုပ်ထားပါတယ်။ ပုံရိပ်ကတော့ ယခင် Find X ရဲ့ဓါတ်ပုံသာ ဖြစ်နေသေးတာကို တွေ့ရပြီး Find X2 မှာ Punch-hole ဆဲလ်ဖီကင်မရာ အသုံးပြုလာမှာပါ။ ဆဲလ်ဖီကင်မရာက 32MP Sensor ဖြစ်ပြီး Specs ထဲမှာ မဖော်ပြထားပေမယ့် Screen က 120Hz Refresh Rate နဲ့ ဖြစ်ပါတယ်။

နောက်ဘက်မှာ 48MP အဓိကကင်မရာကို 13MP နဲ့ 8MP Sensor နှစ်ခုဖြင့် ဝန်းရံထားကာ တစ်ခုက Ultra-wide Angle ဖြစ်မယ်လို့ ယူဆရပါတယ်။ အဓိကကင်မရာဟာ 2160p@30fps ဗီဒီယိုရိုက်ကူးနိုင်ကာ 1080p ကို 240fps နဲ့ 720p အား 960fps Slow-mo ထိ ရိုက်ကူးနိုင်ပါတယ်။

ဘာချစ်ပ်ဆက်သုံးလာမယ်ဆိုတာလည်း မဖော်ပြထားပေမယ့် ကုမ္ပဏီကတော့ Oppo Find X2 မှာ Snapdragon 865 သုံးမယ်လို့ အတည်ပြုပြီးသားပါ။ အခြေခံမန်မိုရီ Combo က 8GB RAM / 256GB Storage ဖြစ်ပြီး Benchmark စမ်းသပ်ရာမှာ 12GB RAM ကို မြင်ခဲ့ရတဲ့အတွက် ရွေးချယ်စရာရှိဦးမယ်လို့ ယူဆရပါတယ်။

ဘက္ထရီက 4,065mAh ဖြစ်ပြီး အားသွင်းစနစ်နဲ့ပတ်သက်လို့တော့ အတည်မပြုနိုင်သေးပါဘူး။ သတင်းတွေအရ သူ့မှာ 65W Super VOOC 2.0 အားသွင်းစနစ်နဲ့ 30W ကြိုးမဲ့အားသွင်းစနစ်တို့ ပါမယ်လို့တော့ ကြားထားရပါတယ်။ 3D Face Unlock စနစ်ပါဝင်မှာဖြစ်ပေမယ့် Fingerprint အကြောင်းလည်း မကြားရသေးပါဘူး။

အဆိုပါအွန်လိုင်းစတိုးဟာ Oppo Find X2 ကို ဒေါ်လာ ၁၇၀၀ (မြန်မာငွေ ၂၄ သိန်းခွဲကျော်) နဲ့ ညီမျှတဲ့ ဈေးနှုန်းဖော်ပြထားတာတော့ တွေ့ရပါတယ်။ ဒါဟာ ယာယီဈေးနှုန်းအဖြစ် တစ်ခုခု ကပ်ထားတာဖြစ်မယ်လို့ ယူဆရပြီး Oppo Reno 10x Zoom တုန်းကတောင် ဒီဈေးနှုန်းရဲ့ တစ်ဝက်နီးနီးသာ ရှိပါတယ်။ Blue Ocean နဲ့ Blue Sea Night ကာလာနှစ်မျိုးကို ဖော်ပြထားပေမယ့် ပုံကိုတော့ မမြင်ရသေးပါဘူး။

Ref – GSM Arena