OPPO ဟာ Find X3 နဲ့ Find X3 Pro တို့လို Flagship ဖုန်းတွေကို ဒီနှစ်ရဲ့ ပထမသုံးလပတ်ထဲမှာပဲ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ လတ်တလောထွက်ပေါ်လာတဲ့ သတင်းအရ Find X3 မိသားစုတွေထဲမှာ Mid-range အမျိုးအစားမော်ဒယ်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Find X3 မိသားစုထဲက Mid-range ဟာ ပြီးခဲ့တဲ့နှစ်က Find X2 Lite ကို ဆက်ခံမယ့်အမျိုးအစားလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နာမည်ကျော် Leakster Evan Blass ကတော့ Find X3 Lite ဟာ ပြီးခဲ့တဲ့လတုန်းက တရုတ်ပြည်တွင်းဈေးကွက်မှာ ပွဲထွက်သွားခဲ့တဲ့ Reno 5 5G ကို နာမည်ပြောင်းထားခြင်းသာဖြစ်တယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် Find X3 Lite ဟာ Specs တွေသာမကဘဲ ဒီဇိုင်းပိုင်းပါ Reno5 5G နဲ့တူညီတယ်လို့ အခိုင်အမာဆိုလိုက်ပါသေးတယ်။ သိသာထင်ရှားတဲ့ကွာခြားချက်ဆိုလို့ Reno5 5G မှာတွေ့မြင်ရတဲ့ Reno Glow အမှတ်တံဆိပ်အစား ပုံမှန် OPPO logo ကိုပဲ တွေ့မြင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်က Find X3 မိသားစုမှာ စတုတ္ထမြောက် မော်ဒယ်လည်း ရှိသေးတယ်လို့ ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ကနဦး ဖော်ပြချက်တွေမှာ OPPO Find X3, Find X3 Pro နဲ့ Find X3 Lite တို့ပဲ ပါရှိခဲ့ပေမယ့် အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းမှာတော့ Find X3 Neo ဆိုတဲ့နာမည်နဲ့ နောက်ထပ်မော်ဒယ်သစ်တစ်မျိုး ပါဝင်လာပါတယ်။ Find X3 Neo ကို လာမယ့် မတ်လအစောပိုင်းမှာ ကြေညာမယ်လို့လည်း ဆိုပါတယ်။

Find X3 ဖုန်းတွေကို လာမယ့် ဧပြီလထဲမှာ ဝယ်ယူနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ Find X3 Lite ကတော့ 6.4-inch AMOLED display, Full HD+ resolution, 1080 x 2400pixel နဲ့ 90Hz refresh rate တို့ကို ထောက်ပံ့ထားမယ်လို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်အောက်မှာလည်း Fingerprint sensor ကို မြှုပ်နှံထားပါလိမ့်မယ်။

Snapdragon 765G SoC ကိုအသုံးပြုထားပြီး 8GB of RAM နဲ့ တွဲဖက်ပေးထားတယ်လို့ သိရပါတယ်။ သိုလှောင်မှုပမာဏကတော့ 128GB ဖြစ်ပြီး Android 11 အခြေခံ ColorOS 11.1 မောင်းနှင်ထားပါတယ်။ ဘက်ထရီပမာဏကတော့ 4,300mAh ဖြစ်ပြီး 65W SuperVOOC 2.0 အမြန်အားသွင်းစနစ်နဲ့ တွဲဖက်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

Find X3 Lite ရဲ့ဈေးနှုန်းကတော့ Reno5 5G နဲ့သိပ်မကွာဘဲ $417 ဝန်းကျင် (၅ သိန်းခွဲဝန်းကျင်) လောက်ဖြစ်မယ်လို့ မျှော်မှန်းရပါတယ်။ Find X3 Lite ကို Galactic Silver, Azure Blue နဲ့ Starry Black စတဲ့အရောင်သုံးမျိုးနဲ့ တွေ့မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina