OPPO က စွမ်းရည်မြင့် Find X Series ဖြစ်တဲ့ Find X5 နဲ့ Find X5 Pro ကို ကြေညာလိုက်ပြီး Pro ဟာ X5 ထက် Image Processing ၊ ဘက်ထရီ နည်းပညာနဲ့ ဒီဇိုင်း အပါအဝင် အဖက်ဖက်က ပိုကောင်းပါတယ်။ Find X5 Pro မှာ ၆.၇ လက်မ AMOLED 1440p မျက်နှာပြင် တပ်ဆင်ထားပြီး အမြင့်ဆုံး Brightness အနေနဲ့ 1,300 nits အထိ ထောက်ပံ့ထားပါတယ်။ 120Hz Variable Refresh Rate နဲ့ 1,000Hz Touch Sampling Rate ကြောင့် မျက်နှာပြင် တုန့်ပြန်မှု အရမ်း ကောင်းမှာပါ။

Oppo Find X5 Pro

Snapdragon 8 Gen 1 Chipset မောင်းနှင်ထားပြီး 12GB+256GB Version ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ Android 12 အခြေပြု ColorOS 12.1 မောင်းနှင်ထားပြီး ဖုန်းနဲ့ Windows PC အကြားမှာ ပြောင်းလဲ သုံးနိုင်တဲ့ Multi-screen Connect လုပ်ဆောင်ချက် အသစ် ပါပါတယ်။

Oppo Find X5 Pro

OPPO ကိုယ်တိုင် ဖန်တီးထားတဲ့ 6nm MariSilicon X Chip တပ်ဆင်ထားပြီး ဖုန်း ၁ ခုလုံးမှာ အဆင့်အမြင့်ဆုံးလို့ ညွှန်းနိုင်တဲ့ ကင်မရာ Processor ဖြစ်ပါတယ်။ အဲဒီ Chip က သာမာန် ညဘက် ဗီဒီယိုတွေထက် အရောင် ပိုကောင်းပြီး Noise လျှော့ချပေးတဲ့ 4K Ultra Night Video အပါအဝင် AI Noise Reduction နဲ့ Image Processing တာဝန်များစွာကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် OPPO က အဲဒီ Image Chip ဟာ HDR ဗီဒီယိုတွေကို 20-bits Per Channel နှုန်းနဲ့ ဖမ်းယူပေးနိုင်တယ်လို့ ပြောပါတယ်။

အနောက်ဘက်မှာ 50MP Sony IMX766 , 50MP Ultrawide နဲ့ 13MP Telephoto (2x Optical Zoom, 5x Hybrid Zoom) ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 13-channel Color Sensor အသစ်ကို မှီခိုထားတဲ့ Hasselblad Natural Color Calibration လုပ်ဆောင်ချက် ပါပါတယ်။ OPPO က အရောင်တိကျမှု ပိုကောင်းစေတဲ့ မှန်တွေကို ကင်မရာအပေါ်မှာ ဖုံးအုပ်ထားပြီး Lens နဲ့ Sensor-shift နည်းပညာကို ပေါင်းစပ်ထားတဲ့ 5-axis Optical Image Stabilization စနစ် အသစ် ထည့်သွင်းထားပါတယ်။

ဆဲလ်ဖီး ကင်မရာအတွက် 32MP Sony IMX709 သုံးထားပြီး ၈၀ ဒဂရီ FoV နဲ့ ၉၀ ဒီဂရီ အုပ်စုလိုက် ဆဲလ်ဖီး Mode ပါပါတယ်။

အရှေ့ မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး အနောက်ဘက်ကို ဖန်ထက် မာကျောတဲ့ Ceramic နဲ့ တည်ဆောက်ထားပါတယ်။ ဒါ့အပြင် Ceramic Panel ဟာ အပူစုပ်ထုတ်တာကို ကူညီပေးနိုင်ပါတယ်။

၁၂ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးတဲ့ 80W SuperVOOC Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး ၄၇ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်တဲ့ 50W AirVOOC Wireless Charging လည်း ထည့်ပေးထားပါတယ်။ အပူချိန်ကို လျှော့ချပေးဖို့ Motherboard နဲ့ Charging Coil ကို 3D Graphene Film နဲ့ လွှမ်းခြုံထားပြီး အရင်မျိုးဆက်ထက် ၇၅ ရာခိုင်နှုန်း ပိုကြီးမားတဲ့ Vapor Chamber ကို Snapdragon Chip အတွက် ထည့်သွင်းထားပါတယ်။

OPPO Find X5 Pro အတွက် Ceramic White နဲ့ Glaze Black ၂ ရောင် ထုတ်လုပ်ထားပြီး 12GB+256GB ကို ယူရို ၁,၃၀၀ သတ်မှတ်ထားပါတယ်။ ၂၆ သိန်းလောက် ကျသင့်နိုင်ပြီး မတ်လ ၁၄ ရက်‌နေ့ ရောင်းမှာပါ။

Ref : gizmochina