ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ စမတ်ဖုန်းတွေသာမက IoT (Internet of Things) အသုံးအဆောင်ပစ္စည်းတွေရဲ့ ဈေးကွက်လည်း လိုက်လံဖွံ့ဖြိုးလာခဲ့ပါပြီ။ စမတ်ဖုန်းကုမ္ပဏီတော်တော်များများဟာ Smart TV နဲ့ Smartwatch အစရှိ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေကြပြီး ယခုအခါ Oppo ကလည်း 3D Curved Display ပါဝင်မယ့် သူတို့ရဲ့ ပထမဆုံး Smartwatch ကို ထုတ်လုပ်တော့မယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

MWC 2020 ဖျက်သိမ်းမှုကြောင့် နည်းပညာကုမ္ပဏီတွေဟာ သူတို့ရဲ့ ကုန်ပစ္စည်းအသစ်တွေကို မိတ်ဆက်ဖို့ စင်မြင်တစ်ခု ပျောက်ဆုံးခဲ့ရပါတယ်။ Oppo ဟာလည်း အဆိုပါကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပြီး ပထမဆုံး Smartwatch ကို မိတ်ဆက်ဖို့ ပြင်ဆင်ခဲ့ကြောင်း သတင်းထွက်ထားတာပါ။ အခုတော့ မိတ်ဆက်ရက်နောက်ကျသွားပေမယ့် ထုတ်ကုန်သစ်ရဲ့ သတင်းကတော့ စထွက်လာခဲ့ပါပြီ။

Slashleaks ရဲ့ဖော်ပြချက်အရ Oppo Smartwatch ရဲ့ Glass Panel လေးကို မြင်တွေ့ခွင့်ရလာခဲ့တာပါ။ သူ့ရဲ့ သိသာထင်ရှားတဲ့ Features တစ်ခုကတော့ Find X မှာလည်း မြင်ရဖူးတဲ့ Hyperboloid Screen နဲ့ဆင်တူနေတဲ့ 3D Curved Glass Panel လေးပါပဲ။ ဒီ Screen မျိုးဟာ အမြောက်အများထုတ်လုပ်ဖို့ ခက်ခဲပြီး ဈေးလည်းကြီးပါတယ်။

ယခင်ကလည်း Oppo Smartwatch ရဲ့ Render ဒီဇိုင်းပုံရိပ်တွေ ပေါက်ကြားလာခဲ့ဖူးပါတယ်။ အဆိုပါ ပုံထဲမှာ အသေးစိတ်ဒီဇိုင်းတော့ မပါခဲ့ပေမယ့် အခုမြင်ရတဲ့ Glass Panel နဲ့ တူညီတဲ့ မျက်နှာပြင်ကိုတော့ တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် အခုပေါက်ကြားလာတဲ့ ဒီဇိုင်းဟာ Oppo ပထမဆုံးစမတ်နာရီမှာ မြင်ရဖို့ သေချာသလောက်ပါပဲ။

ဒီ Leak ကို လက်ရှိမှာ အတည်မပြုရသေးတာကြောင့် Oppo ကနေ တရားဝင်ထုတ်ပြန်ကြေညာလာတာကိုတော့ စောင့်ဆိုင်းရဦးမှာပါ။ ဒါပေမယ့် သိပ်မကြာခင်အတွင်း မြင်ရမယ်လို့ ယုံကြည်ပါတယ်။

Ref – Gizmo China