OPPO ဟာ တီထွင်ဆန်းသစ်မှုနဲ့ပတ်သက်ရင် နောက်ကျကျန်မနေခဲ့ကြောင်းကို Find X 2021 rollable ရှေ့ပြေးပုံစံဖုန်းနဲ့ ပြသခဲ့ပါတယ်။ ဒီ ရှေ့ပြေးပုံစံ Rollable ဟာ စီးပွားဖြစ်ထုတ်လုပ်မှုဆီရောက်ဖို့ ခပ်ဝေးဝေးမှာရှိနေသေးပေမယ့် ကုမ္ပဏီအနေနဲ့ ဒီဇိုင်းပိုင်းမှာ အပြောင်းအလဲတွေ ပြုလုပ်သွားမယ်လို့ ယူဆရပါတယ်။

OPPO ဟာ ဂျပန်ဒီဇိုင်းစတူဒီယို Nendo နဲ့ ပူးပေါင်းပြီး Slide-phone ရှေ့ပြေးပုံစံသစ်တစ်ခုကို ယူဆောင်လာပြန်ပါတယ်။ X-axis မှာ ပတ္တာသုံးခုတပ်ဆင်ထားပြီး မတူညီတဲ့အရွယ်အစား ၇ မျိုး ပြုလုပ်နိုင်ပါတယ်။ အခုအချိန်ထိတော့ ဒီအကြံဉာဏ်နဲ့ဖုန်းကို “Slide-phone” လို့ပဲ ခေါင်းစဉ်တပ်ထားပါသေးတယ်။

ဒီ “Slide-phone” ရဲ့ ဒီဇိုင်းနဲ့ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းဟာ သုံးစွဲသူတွေက သူတို့ဟန်းဆက်ရဲ့ လုပ်ဆောင်နိုင်စွမ်းထက် ပိုလိုချင်တဲ့စိတ်ကို အခြေခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရွယ်အစားလည်း ပြောင်းလွယ်ပြင်လွယ်ဖြစ်သလို၊ Tucked-in stylus လည်း ပါဝင်မှာ ဖြစ်ပါတယ်။ OPPO အနေနဲ့ ဒီ “Slide-phone” ဒီဇိုင်းကို ဘယ်အချိန်မှာ လက်တွေ့အကောင်အထည်ဖော်နိုင်မယ်ဆိုတာကို စောင့်ကြည့်ကြရမှာပါ။

ဒါ့အပြင် ကုမ္ပဏီနှစ်ခုစလုံးဟာ တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်လို့ရတဲ့ပုံစံနဲ့ Concept TWS ကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ နားကြပ်တွေဟာ Case/power hub တွေနဲ့ ချိတ်ဆက်ပြီး ကျစ်လျစ်တဲ့ထုတ်ပိုးမှုပုံစံကို ဖြစ်ပေါ်စေတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Case ကိုလည်း ကြိုးမဲ့အားသွင်းစနစ်နဲ့ စမတ်စပီကာအပေါ်မှာ ထားနိုင်ပြီး၊ သီချင်းသံကိုလည်း စပီကာကတစ်ဆင့် ဆက်ပြီးနားထောင်နေလို့ရမယ့် ပုံစံဖြစ်ပါတယ်။

Ref: GSM Arena