OPPO ဟာ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ စမတ်နာရီပါ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲ တစ်ခုအပါအဝင် ဖြစ်လာခဲ့ပါပြီ။ OPPO Watch ကို ကြေညာပြီးပေမယ့်လည်း တရုတ်အခြေစိုက်ကုမ္ပဏီဟာ နောက်ထပ်တစ်မျိုးကို ထပ်ပြီးထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

တရုတ်နိုင်ငံရဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာရုံးကို နောက်ထပ် Wearable ရဲ့ ဒီဇိုင်းတစ်ခု မူပိုင်ခွင့်တင်ထားတာ တွေ့မြင်ရပါတယ်။ လက်ရှိတွေ့မြင်ရသလောက်တော့ မူပိုင်ခွင့်တင်ထားတဲ့ Wearable ဟာ စမတ်နာရီတစ်လုံးရဲ့ လုပ်ဆောင်ချက် အပြည့်အဝ ပါဝင်မယ်လို့ မမျှော်လင့်ရပါဘူး။

Render တွေအရတော့ OPPO ဟာ နောက်ထပ် Fitness အမှတ်တံဆိပ်သစ်ကို ထုတ်လုပ်ဖို့ စီစဉ်နေပုံပါပဲ။ Render ကိုကြည့်ရင်တော့ မေးခွန်းတွေအများကြီး ရှိနေမှာပါ။ ခပ်ရှည်ရှည် ကျောက်စရစ်ခဲလိုပုံစံနဲ့ Device ဟာ ထိပ်ဘက်မှာ သေးငယ်တဲ့ မျက်နှာပြင်တစ်ခု ရှိနေပါတယ်။ အားသွင်းပင်တွေနဲ့ အာရုံခံကိရိယာကိုတော့ အောက်ခြေမှာ တွေ့မြင်ရပါတယ်။ ပုံစံကတော့ နှလုံးခုန်နှုန်းတိုင်းတာတဲ့ အာရုံခံကိရိယာလိုမျိုးပါ။

Fitness တစ်ခုအနေနဲ့ဆိုရင်တော့ ဒီဇိုင်းပိုင်းက ထူးခြားတယ်လို့ ဆိုရမှာပါ။ သတ္တုကွင်းထဲမှာမှ အဓိကကိုယ်ထည်ကို တပ်ဆင်ပေးထားတာဖြစ်ပြီး ဘေးဘက်မှာတော့ ခလုတ်တစ်ခုကို တွေ့မြင်ရပါတယ်။ မျက်နှာပြင်မှာ စမတ်ဖုန်းကလာမယ့် Noti တွေအပါအဝင် သတိပေးချက်တွေကို ကြည့်ရှုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

OPPO ရဲ့ရည်ရွယ်ချက်ဟာ ဈေးသက်သာတဲ့ Wearable တစ်ခုကို ထုတ်လုပ်ရောင်းချချင်တဲ့ပုံစံပါပဲ။ Xiaomi, Samsung , Huawei နဲ့ Realme တို့ထက် ဈေးသက်သာတဲ့ Wearable ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပုံစံ၊ ဘယ်လိုအမျိုးအစားဖြစ်မလဲဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ရပါဦးမယ်။

Ref: GSM Arena