OPPO ကုမ္ပဏီဟာ Reno4 စီးရီးဝင် စမတ်ဖုန်းသစ် နှစ်လုံးကို နိုင်ငံတကာ စျေးကွက်သို့ ရောင်းချလာမယ်လို့ သတင်းထွက်နေပါတယ်။ ပထမတစ်ခုက OPPO Reno4 Z 5G ဖြစ်ပြီး လွန်ခဲ့တဲ့ လက တရုတ်ပြည်တွင်းမှာ OPPO A92s 5G အဖြစ် မိတ်ဆက်ခဲ့တဲ့ ဟန်းဆက်ပါပဲ။

နောက်ဖုန်းတစ်လုံးကတော့ Reno4 Lite လို့ ဆိုနေပြီး မကြာသေးခင်ကမှ Bluetooth SIG အတည်ပြုချက် ရယူခဲ့သလို ယနေ့မှာ GCF ပလက်ဖောင်းပေါ်မှာ ထပ်မံ အတည်ပြုချက် ရယူလာပါတယ်။ GCF စာရင်းထဲမှာတော့ OPPO Reno4 Lite စမတ်ဖုန်းမှာ CPH2125 မော်ဒယ်နံပါတ်ကို တွေ့ရပြီး Bluetooth SIG မှာ တွေ့ခဲ့တဲ့ ဟန်းဆက်ပဲ ဖြစ်ပါတယ်။

OPPO CPH2125 စမတ်ဖုန်းဟာ Bluetooth 5.1 နဲ့ Wi-Fi 802.11ac တို့ ထောက်ပံ့ပေးမှာဖြစ်ကြောင်း Bluetooth SIG က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် 6.43” OLED Display တစ်ခုနဲ့ 4,000 mAh ဘက္ထရီ တို့လည်း ပါဝင်ပြီး အတွင်းမှာ 2.0 Ghz မြန်နှုန်းနဲ့ MediaTek ချစ်ပ်ဆက်တစ်ခု တွေ့ရပါတယ်။

Reno4 Lite ဟာလည်း အခြား OPPO စမတ်ဖုန်း တစ်ခုကို အမှတ်တံဆိပ် ပြောင်းလဲမိတ်ဆက်လာတာ ဖြစ်နိုင်ပါသေးတယ်။ OPPO F17 Pro မှာလည်း 6.43” AMOLED Display နဲ့ 2.0 GHz ရှိတဲ့ MediaTek Helio G95 ချစ်ပ်ဆက် ကိုပဲ အသုံးပြုထားတာကြောင့် F17 Pro ရဲ့ နိုင်ငံတကာစျေးကွက်ကို ရောင်းချလာမယ့် အမည်လည်း ဖြစ်နိုင်ပါတယ်။

F17 Pro စမတ်ဖုန်းမှာ 16MP + 2MP ဆဲလ်ဖီး ကင်မရာ နှစ်လုံး ပါဝင်ပြီး နောက်ဘက်မှာတော့ 64MP + 8MP + 2MP + 2MP Quad-cam အသုံးပြုထားမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒီဖုန်းမှာ 30W VOOC Flash Charge အားသွင်းစနစ် ပါလာမှာပါ။

Ref – PlayfulDroid