OPPO ဟာ ဒီလ ၁၇ ရက်နေ့မှာ 2020 OPPO Future Technology Conference ကို ရှန်ဇန်မှာ ကျင်းပတော့မှာပါ။ အဲဒီ ပွဲကို OPPO က နှစ်စဉ်ကျင်းပလေ့ ရှိပြီး နောက်ဆုံးပေါ် နည်းပညာတွေကို ပြသလေ့ ရှိပါတယ်။ ဒီနှစ်ပွဲဟာလည်း စိတ်ဝင်စားစရာကောင်းလာမှာပါ။ ဘာလို့လဲဆိုတော့ OPPO ဟာ ဒုတိယမျိုးဆက် AR Glass အသစ်ကို ချပြတော့မှာမို့လို့ပါ။

OPPO ရဲ့ Teaser ပိုစတာမှာ ဝတ်ဆင်ရတာ သက်တောင့်သက်သာ ဖြစ်မယ့် ဒီဇိုင်းကိုတွေ့ရပါတယ်။ ပေါ့ပါးပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ ကင်မရာ ၁ လုံးစီ ထည့်သွင်းထားမှာပါ။ ကင်မရာ ၁ လုံးကို AR Detection အတွက် သုံးမှာပါ။

အရင်နှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ OPPO Future Technology Conference မှာ OPPO ဟာ ပထမမျိုးဆက် AR Glass ကို ပြသခဲ့ပါတယ်။ ကင်မရာ ၄ လုံး ပါလာပြီး ToF Lens ၁ လုံးကို အကွာအဝေး တွက်ချက်ဖို့အတွက်၊ RGB Lens ကို Object Shape တွေ ရိုက်ဖို့အတွက်နဲ့ ကျန် ၂ လုံးကို Imaging အတွက် အသုံးပြုထားပါတယ်။

ပေါက်ကြားသတင်းအရ OPPO AR Glass အသစ်မှာ Depth Sensor နဲ့ MIC Arrays တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး အသံ အမိန့်ပေး စနစ်နဲ့ 3D အသံပတ်လည်ပြေးစနစ်တွေ ပါလာမှာပါ။ အသံ၊ လက်ဟန်ခြေဟန်တွေနဲ့ ဖွင့်နိုင်တဲ့ မိုက်ကရိုဖုန်းနဲ့ ခလုတ်တွေ တပ်ဆင်ထားနိုင်ပါတယ်။

OPPO တည်ထောင်သူနဲ့ စီအီးအို Chen Mingyong က နောက် ၃ နှစ်အတွင်း သုတေသန ဌာနမှာ ယွမ် ၅၀ ဘီလီယမ် အသုံးပြုမှာ ဖြစ်ပြီး 5G/6G, AI , AR နဲ့ ဒေတာ နည်းပညာတွေကို ဖန်တီးမယ်လို့ အရင်က ပြောထားဖူးပါတယ်။

Ref : gizmochina