OPPO ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအပြင် Smartwatch လိုမျိုး Wearable တွေ၊ Wireless Earbuds တွေနဲ့ Smart TV တွေအထိ ထုတ်လုပ်ထားပြီဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ OPPO ဟာ လာမယ့်နှစ်မှာလည်း Product အမျိုးအစားသစ် ၂ မျိုးကို ထုတ်လုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒီ Product အသစ် ၂ မျိုးကတော့ Tablet နဲ့ Laptop တွေဖြစ်တယ်လို့ သိရပြီး နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်မှာ မိတ်ဆက်မယ်လို့ပဲ ဖော်ပြခဲ့တာဖြစ်တဲ့အတွက် ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်လာနိုင်မလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

လောလောဆယ်မှာ OPPO ဟာ တရုတ်နိုင်ငံအတွင်းမှာ အကြီးမားဆုံးစမတ်ဖုန်းကုမ္ပဏီတွေထဲမှာ ပါဝင်သလို ဒီလိုမျိုးဆုံးဖြတ်ချက်ကလည်း တခြားသော Huawei နဲ့ Xiaomi လိုမျိုး Laptop စျေးကွက်မှာ နာမည်ရနေတဲ့ ကုမ္ပဏီတွေကိုပါ ယှဥ်ပြိုင်သွားဖို့ရည်ရွယ်တာကြောင့်ဖြစ်နိုင်ပါတယ်။ အရင်ဆုံး တရုတ်နိုင်ငံစျေးကွက်မှာပဲ မိတ်ဆက်သွားနိုင်ပြီးတော့ တခြားသော International စျေးကွက်ကိုပါ ထိုးဖောက်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

OPPO ကသာ Tablet နဲ့ Laptop စျေးကွက်ထဲကို ဝင်ရောက်လာရင် BBK ကုမ္ပဏီလက်အောက်က တခြားကုမ္ပဏီတွေဖြစ်တဲ့ OnePlus နဲ့ realme တို့ကပါ လိုက်ပြီး မိတ်ဆက်လာနိုင်မလားဆိုတာက နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုဖြစ်နေပါတယ်။ realme အနေနဲ့ကတော့ လောလောဆယ်မှာ Smartwatch နဲ့ Wearable တွေကို မိတ်ဆက်ထားသလို OnePlus ကလည်း မကြာခင်မှာ ကိုယ်ပိုင် Smartwatch ကို မိတ်ဆက်လာမယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။

Ref – GSM Arena