Samsung ဟာ Galaxy Unpacked Event မှာ Foldable ဖုန်းအသစ်တွေနဲ့ Galaxy Watch 5 Smartwatch တွေကို မိတ်ဆက်ခဲ့သလိုမျိုးပဲ အခုလည်း OPPO ကနေ တရုတ်နိုင်ငံအတွင်းမှာ Smartwatch အသစ် ၂ မျိုးကို မိတ်ဆက်လိုက်ပါတယ်။

OPPO ကနေ အသစ်မိတ်ဆက်လိုက်တာကတော့ OPPO Watch 3 နဲ့ Watch 3 Pro Smartwatch တွေဖြစ်ပြီး ထူးခြားချက်အနေနဲ့ကတော့ Processor ပိုင်းမှာ Qualcomm ကနေ နောက်ဆုံးထုတ်ပေးထားတဲ့ Snapdragon W5 Gen1 Chipset ကို အသုံးပြုလာတာဖြစ်ပါတယ်။ အဆိုပါ Chipset ဟာ ပြီးခဲ့တဲ့ဇူလိုင်လတုန်းကမှ Qualcomm ကနေ တရားဝင်မိတ်ဆက်ထားခဲ့တာကြောင့် OPPO Watch 3 နဲ့ Watch 3 Pro က ပထမဆုံးအသုံးပြုထားတဲ့ Smartwatch တွေလို့ ပြောနိုင်ပါတယ်။

OPPO Watch 3 ဟာ 1.75″ 372×430 AMOLED Display ကို အသုံးပြုထားပြီး 3D Glass ကို အပေါ်မှာ ဖုံးအုပ်ထားပေးပါတယ်။ မိနစ် ၆၀ အတွင်းအားအပြည့်သွင်းနိုင်တဲ့ 400mAh Battery ၊ 1GB RAM ၊ 32GB Storage ၊ Bluetooth 5.0 ၊ eSIM ၊ NFC ၊ 5ATM Water Resistance ၊ GPS စတဲ့ Feature တွေပါဝင်မှာဖြစ်ပြီး Snapdragon W5 Gen1 Chipset အပြင် OPPO ရဲ့ ကိုယ်ပိုင် Apollo 5 Plus Coprocessor ကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Battery Life အနေနဲ့ကတော့ ဆက်တိုက်သုံးချိန်အနေနဲ့ ၄ ရက်အထိ အသုံးပြုနိုင်မှာဖြစ်ပြီး သာမန်အသုံးပြုမှုတွေအတွက်ကတော့ ၁၀ ရက်အထိ အသုံးခံမှာဖြစ်ပါတယ်။ OPPO Watch 3 ဟာ Platinum Black နဲ့ Feather Gold ဆိုပြီး ၂ ရောင် မိတ်ဆက်သွားမှာဖြစ်ပါတယ်။

OPPO Watch 3 Pro ကတော့ Screen Size ပိုကြီးမားတဲ့ 1.91″ 378×496 AMOLED LTPO Display ကို အသုံးပြုထားပြီး Battery အနေနဲ့လည်း ၅ ရက် ဆက်တိုက်အသုံးပြုနိုင်တဲ့ 550mAh Battery ကို ထည့်သွင်းပေးထားပါတယ်။ Specification အနေနဲ့ကတော့ OPPO Watch 3 နဲ့အတူတူပဲဖြစ်ပြီး အားသွင်းချိန်အနေနဲ့ ၆၅ မိနစ်အထိ အချိန်ပေးရမှာဖြစ်ပါတယ်။

OPPO Watch 3 ဟာ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၁,၄၉၉ (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ကနေစတင်မှာဖြစ်ပြီး Watch 3 Pro ကတော့ တရုတ်ယွမ်ငွေ ၁,၈၉၉ (မြန်မာငွေ ၇ သိန်းဝန်းကျင်) ကနေစတင်ရောင်းချသွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာ တရုတ်နိုင်ငံအတွင်းမှာပဲ မိတ်ဆက်ထားသေးတဲ့အတွက် Global စျေးကွက်အတွက်လည်း မကြာခင်မှာ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – Gizmo China