OPPO ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက တီထွင်ဆန်းသစ်ထားတဲ့ 125W wired flash charger ကို ChinaJoy Show တုန်းက ပြသခဲ့ဖူးတဲ့ 65W wireless charger နဲ့အတူ ပွဲထုတ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီထုတ်ကုန်နှစ်ခုကို ဘယ်အချိန်မှာ စီးပွားဖြစ် ထုတ်လုပ်ရောင်းချမယ်ဆိုတာကိုတော့ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးက ပြောဆိုခဲ့ခြင်း မရှိပါဘူး။

နာမည်ကျော် Tipster ဖြစ်တဲ့ Digital Chat Station ကတော့ 125W wired flash charger ကို လာမယ့် ၂၀၂၁ ခုနှစ်၊ ပထမသုံးလပတ်ထဲမှာမှ စီးပွားဖြစ်ထုတ်လုပ်ရောင်းချမယ်လို့ ဆိုပါတယ်။ 125W wired flash charging နည်းပညာဟာ လက်ရှိအချိန်မှာတော့ ထုတ်လုပ်မှုနယ်ပယ်တွင်း စွမ်းအားအပြည့်ဆုံးလို့ ဆိုနိုင်ပါတယ်။

125W wired flash charger ကို 65W SuperVOOC 2.0 charging protocol ပေါ်မှာ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ဒီနှုန်းထားမှာ ဗို့အားက 20V အထိ တိုးမြင့်သွားပြီး Maximum current ကတော့ 6.25A ဖြစ်ပါတယ်။ သိသာထင်ရှားတာကတော့ စွမ်းအင်သိပ်သည်းဆ ဒဏ်သတ္တိတွေ ပိုပြီးတိုးတက်လာတာလို့ ဆိုနိုင်ပါတယ်။

Flash Charge protocol အသစ်ဟာ SuperVOOC 2.0 မှာတွေ့ရတဲ့ 3C ဆဲလ် နှစ်ခုအစား 6C ဆဲလ် နှစ်ခုကို အသုံးပြုထားပါတယ်။ ဒါ့အပြင် နည်းပညာသစ်ဟာ Multiple battery tab structure, charge pumps သုံးခုအပြင် အားသွင်းလုပ်ငန်းကို အချိန်တိုတိုနဲ့ ပိုပြီးထိရောက်စေဖို့ MCU (Microcontroller Unit) စတာတွေပါဝင်တာတွေ့ရပါတယ်။

125W wired flash charging ဟာ ပင်မအားသွင်းစနစ်တွေဖြစ်တဲ့ 65W PD (Power Delivery) နဲ့ 125W PPS (Programmable Power Supply) ကို ထောက်ပံ့ပါတယ်။ ဒါကြောင့် 4,000mAh ဘက်ထရီကို ၅ မိနစ်အတွင်း ၄၁% နဲ့ မိနစ် ၂၀ အတွင်း ၁၀၀% အားသွင်းနိုင်တယ်လို့ OPPO က ဆိုပါတယ်။ အားသွင်းမှုမြန်ဆန်တာကြောင့် လုံခြုံမှုအပိုင်းအတွက် Temperature sensor ၁၀ ခုကို ထည့်သွင်းပေးထားပါတယ်။

125W adapter နဲ့ထွက်လာမယ့် ပထမဆုံး OPPO စမတ်ဖုန်းက ဘယ်မော်ဒယ်ဖြစ်မယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့် လာမယ့်နှစ် ပထမသုံးလပတ်ထဲမှာ OPPO Find X3 စီးရီးကို ဖြန့်ချိဖို့ရှိနေတာကြောင့် ဒီစီးရီးမှာ ပါဝင်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။

Ref: Gizmochina