အမေရိကန် အခြေစိုက် နည်းပညာကုမ္ပဏီကြီး Microsoft ဟာ အခုလ အစောပိုင်းမှာ လူကြိုက်များ App “Tik Tok” ရဲ့ ဖန်တီးရှင် ByteDance ကို တစ်စိတ်တစ်ပိုင်း ဝယ်ယူပြီး အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင်သီးသန့် ဝန်ဆောင်မှုပေးဖို့ စိတ်ဝင်စားကြောင်း အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် သူ့လိုပဲ အမေရိကန် အခြေစိုက် နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Oracle ကလည်း Tik Tok ကို ပိုင်ဆိုင်ဖို့ စိတ်ဝင်စားမှုပြသပြီး ပြိုင်ပွဲထဲ ဝင်ရောက်လာခဲ့ပါတယ်။ ယနေ့မှာ Oracle ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အရီဇိုးနား ပြည်နယ်က မိန့်ခွန်းပြောပွဲမှာ ဒီ တရုတ်အခြေစိုက် App ကို ဝယ်ယူဖို့အတွက် သမ္မတကြီးဆီက နှုတ်အားဖြင့် သဘောတူညီခွင့် ကို ရရှိခဲ့ပါတယ်။

Tik Tok ကို ပိတ်ဆို့မယ်လို့ ကျိန်းဝါးထားတဲ့ သမ္မတဆီက အတည်ပြုချက်ကို ခြေမြန်လက်မြန် ရယူခဲ့တဲ့ Oracle ဟာ တစ်ဖက်က ByteDance နဲ့လည်း ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်နေနှင့်ပြီဖြစ်ပြီး အမေရိကန် သာမက ကနေဒါ၊ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ Tik Tok ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ကို ဝယ်ယူသွားမှာဖြစ်ပါတယ်။

Financial Time ရဲ့ အဆိုအရ Oracle ဟာ အဓိကပြိုင်ဘက် Microsoft ထက် နှာတစ်ဖျားသာနေပြီဖြစ်ပြီး တရုတ် အခြေစိုက် ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေနဲ့ ပူးပေါင်းမှုတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ်။ Oracle ရဲ့ တည်ထောင်သူ Larry Ellison ဟာ ထရမ့် အစိုးရရဲ့ ထောက်ခံသူတစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲ ရန်ပုံငွေရှာဖွေရေး အစီအစဉ်တွေမှာပါ ပါဝင်ပေးခဲ့ပါတယ်။

ဒါ့ကြောင့် သမ္မတကို ဒီကုမ္ပဏီဟာ ကောင်းမွန်တဲ့ ဝယ်ယူသူကောင်း ဖြစ်လာနိုင်မလားလို့ မေးခွန်းထုတ်ခဲ့ရာမှာ “ဒီလုပ်ငန်းရဲ့ ပိုင်ရှင်က ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက်ပါ၊ Oracle က ဒါကို ကိုင်တွယ်နိုင်မယ့်သူ ဖြစ်တယ်လို့ ကျိန်းသေ ယုံကြည်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ByteDance ကို စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန် ကုမ္ပဏီ တစ်ခုခုဆီ ရောင်းချဖို့နဲ့ ပျက်ကွက်ခဲ့ရင် အမေရိကန် နိုင်ငံတွင်းမှာ သူ့ရဲ့လည်ပတ်မှုကို ပိတ်ပင်ပစ်မယ်လို့ ကြုံးဝါးထားပါတယ်။ TenCent ကုမ္ပဏီရဲ့ WeChat ပလက်ဖောင်းကိုလည်း အလားတူ ချိန်းချောက်ထားပေမယ့် နောက်ဆုံးရက်စွဲကိုတော့ အတိအကျ မပေးထားသေးပါဘူး။

Ref – GSMArena