NFTs တွေ ထုတ်လုပ်တဲ့ နာမည်ကြီး Brand ထဲမှာ အခုနောက်ဆုံး ပါဝင်လာတာက Pepsi ဖြစ်ပါတယ်။ Blockchain အခြေပြု နည်းပညာကို စိတ်ဝင်စားသူတွေအတွက် Pepsi က အခုလို NFTs တွေ ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။
Pepsi က VaynerNFT နဲ့ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပြီး ကုမ္ပဏီ စတင် တည်ထောင်ခဲ့တဲ့ ခုနှစ်ကို ရည်ရွယ်တဲ့ အနေနဲ့ Pepsi Mic Drop Collection မှာ NFTs ပေါင်း ၁,၈၉၃ ခု ထည့်သွင်းထားပါတယ်။ NFTs ၁ ခုချင်းစီမှာ မိုက်ကရိုဖုန်း အိုင်ကွန် ပါလာပြီး ကုမ္ပဏီရဲ့ ဂီတနဲ့ Pop နယ်ပယ်မှာ ပါဝင်ပတ်သက်တဲ့ သမိုင်းကြောင်းကို ထင်ဟပ်ပြသထားတာ ဖြစ်ပါတယ်။ Classic Pepsi, Silver Diet Pepsi နဲ့ Crystal Pepsi အပါအဝင် Pepsi ထုတ်ကုန် အမျိုးအစားတွေရဲ့ ဒီဇိုင်းတွေကို NFTs တွေမှာ ထည့်သွင်းထားပါတယ်။
ကြိုတင်စာရင်းပေးသွင်းထားသူတွေအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ NFTs ၁ ခုစီ လက်ဆောင်ပေးမှာ ဖြစ်ပြီး Ethereum Wallet ကို ပေးပို့ပေးမှာ ဖြစ်ပါတယ်။ လက်ဆောင်ရတဲ့ NFTs တွေကို OpenSea လို Third-party ပလက်ဖောင်းတွေမှာ ဂုဏ်ယူဝင့်ကြွားစွာ ပြသထားနိုင်ပါတယ်။
ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီတွေဟာ စားသုံးသူတွေနဲ့ ပိုမို ထိတွေ့ဆက်ဆံနိုင်ဖို့အတွက် NFTs နယ်ပယ်ထဲ ဝင်ရောက်လာကြပါတယ်။ Pepsi ရဲ့ Marketing ဌာနမှ ဒုတိယ ဥက္ကဌ Todd Kaplan က “ Fans တွေအတွက် Pepsi Mic Drop NFTs Collection ကို ဖန်တီးပေးလိုက်ပြီး အခမဲ့ လက်ဆောင်ပေးမှာပါ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ NFTs ကမ္ဘာကို Fans တွေ ခံစားနိုင်အောင် ပြုလုပ်ပေးလိုက်တာပါ။ “ လို့ ပြောပါတယ်။
Ref : marketingdive