Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ POCO ဟာမကြာခင်အချိန်အတောအတွင်း နောက်ထပ် Mid-range အမျိုးအစား POCO M3 ကို မိတ်ဆက်ဖြန့်ချိဖို့ ပြင်နေပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာမိတ်ဆက်တော့မှာဖြစ်တဲ့ ဒီ POCO M3 နဲ့ပတ်သက်ပြီး သတင်းတွေအတော်လေး ထွက်ခဲ့ပြီးပါပြီ။

အခုတစ်ခါတော့ POCO M3 ရဲ့ အရောင်တွေကိုအတည်ပြုနိုင်မယ့် Render တွေ ထွက်လာတာ ဖြစ်ပါတယ်။ 91Mobiles ကတစ်ဆင့် Ishan Agarwal က မျှဝေလိုက်တဲ့ Render ပုံရိပ်မှာတော့ POCO M3 ကို အရောင်သုံးမျိုးနဲ့ တွေ့မြင်ရပါတယ်။ ဒီအရောင်တွေကတော့ မျှော်လင့်ထားကြပြီးသားဖြစ်မယ့် မီးခိုးနဲ့အနက်ရောင်၊ မြင်ရတာ မျက်စိအေးတဲ့ အပြာရောင်နဲ့ အဝါရောင်တောက်တောက်တို့ပဲ ဖြစ်ကြပါတယ်။

မျက်နှာပြင်ထက်မှာတော့ Waterdrop notch တစ်ခုရှိပြီး ကျောဘက်ဒီဇိုင်းကတော့ OnePlus 8T Cyberpunk 2077 Edition ကို အမှတ်ရစေပါတယ်။ ကင်မရာတွေကိုတပ်ဆင်ထားတဲ့ အပေါ်ဘက်ခြမ်းကို အနက်ရောင်ခြယ်သထားပြီး၊ ညာဘက်နားမှာ တော့ အဖြူရောင်ဖောင့်နဲ့အတူ POCO အမှတ်တံဆိပ်ကို ရေးသားထားပါတယ်။

ကျောဘက်ကင်မရာအရေအတွက်ကတော့ သုံးလုံးသာတွေ့မြင်ရပါတယ်။ အတည်ပြုချက်မရှိပေမယ့် 48MP အဓိကကင်မရာကို တပ်ဆင်ထားတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါ့အပြင် Render အရ Fingerprint scanner ဟာ ဟန်းဆက်ရဲ့ ဘေးဘောင်မှာရှိကြောင်းလည်း သိခဲ့ရပါတယ်။

POCO M3 ဟာ 6.53-inch FHD+ မျက်နှာပြင်၊ Snapdragon 662 processor, 4GB of RAM နဲ့ 6,000mAh ဘက်ထရီကိုတပ်ဆင်ထားပြီး 18W အမြန်အားသွင်းစနစ် ထောက်ပံ့ထားတယ်လို့လည်း သိရပါတယ်။ POCO M3 ကို အခြားဈေးကွက်တွေမှာ Redmi အမှတ်တံဆိပ်နဲ့ ပြန်လည်ရောင်းချမယ်လို့လည်း ကောလာဟလတွေ ထွက်ရှိထားပါသေးတယ်။

Ref: Gizmochina