Pokémon GO နဲ့ မိုဘိုင်းပလက်ဖောင်းပေါ်မှာ အစကောင်းခဲ့တဲ့နောက် Pokémon မိုဘိုင်းဂိမ်းတွေ တစ်ခုပြီးတစ်ခု နှစ်စဉ်ထွက်လာခဲ့ပါတယ်။ ဒီတစ်ခါအလှည့်ကျတာကတော့ အရင်က တစ်ခါမှမမြင်ဖူးတဲ့ Mobile Legends, AOV တို့လို MOBA စတိုင် Pokémon ဂိမ်းပဲဖြစ်ပါတယ်။

နာမည်ကျော်တရုတ်နည်းပညာကုမ္ပဏီကြီး Tencent ကိုယ်တိုင် ပါဝင်ထုတ်လုပ်ထားတဲ့ Pokémon Unite ဂိမ်းဟာ Pokémon ပရိသတ်တွေအတွက်ရော MOBA (Multiplayer Online Battle Arena) ကစားသမားတွေအတွက်ပါ စိတ်လှုပ်ရှားစရာ ဂိမ်းအသစ်တစ်ခု ဖြစ်လာမှာပါ။

Pokémon Unite ဂိမ်းကို Tencent လက်အောက်က TiMi Studios မှထုတ်လုပ်ထားပြီး တရားဝင် Pokémon Youtube ချန်နယ်ကနေ တင်လာတဲ့ Teaser ဗီဒီယိုထဲမှာ Pokémon ဂိမ်းစီးရီးယဉ်ကျေးမှုစတင်ရာကနေ အခု MOBA ဂိမ်းရဲ့ Gameplay တစ်စေ့တစ်စောင်းအထိ ခြုံငုံပြသသွားခဲ့ပါတယ်။ ဒီ Teaser ဗီဒီယိုထဲမှာ လူကြိုက်များပြီးသား Pokémon လေးတွေက သူတို့ရဲ့ အထူး Ability တွေနဲ့ တိုက်ခိုက်ပြတာကို တွေ့ရမှာပါ။

TiMi Studios ဟာ တရုတ်ပြည်တွင်းမှာ လူကြိုက်များတဲ့ Honor of Kings (ပြင်ပဈေးကွက်များမှာ Arena of Valor/AOV အဖြစ် လူသိများ) နဲ့ Call of Duty: Mobile ဂိမ်းတွေကို ထုတ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ Pokémon Unite ဂိမ်းဟာ စမတ်ဖုန်းတွေအပြင် Nintendo Switch ကွန်ဆိုးပေါ်မှာလည်း ဆော့ကစားနိုင်မှာဖြစ်သလို ကစားသမားတွေဟာ ဒီပလက်ဖောင်းနှစ်ခုကို Cross-play အတူကစားနိုင်မယ်လို့ ဆိုပါတယ်။

Pokémon Unite ရဲ့ ထွက်ရှိရက်ကိုတော့ အတိအကျမကြေညာသေးပေမယ့် သိပ်မကြာခင် မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။ Teaser ထဲမှာ Gameplay ကို ပြသခဲ့ပေမယ့် ဘယ်လိုဆော့ကစားရမယ်၊ ရွေးချယ်ရမယ် ဆိုတာကို အသေးစိတ်တော့ မမြင်ရသေးလို့ နောက်ထပ်အချက်အလက်တွေ စောင့်ကြည့်ရဦးမှာပါ။

Ref – GizmoChina