အင်္ဂလန်နိုင်ငံရဲ့ လူကြိုက်အများဆုံးအားကစားပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲကတော့ လာမယ့် ရက်သတ္တပတ်တွေမှာ ပြန်လည်စတင်တော့မှာပါ။ ဒါပေမယ့် ကိုဗစ်ကပ်ဘေးကြောင့် ပွဲကြည့်ပရိသတ်မပါဘဲ ကျင်းပရဖို့ ရှိနေပြီး ပရိသတ်တွေအတွက် လစ်ဟင်းမှုမဖြစ်ရလေအောင် EA ရဲ့ နာမည်ကျော် FIFA ဂိမ်းထဲက ပရိသတ်အသံတွေနဲ့ အစားထိုးပေးဖို့ Sky Sports က စီစဉ်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ပြသခွင့်ရရှိထားတဲ့ Sky Sports ဟာ ပွဲကြည့်ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေမပါဘဲ ပွဲကြည့်ရတာ အရသာမရှိဘူး ဆိုသူတွေအတွက် ယှဉ်ပြိုင်မယ့် အသင်းတွေကိုလိုက်ပြီး သူတို့နဲ့သက်ဆိုင်ရာ အားပေးသံတွေကို ဘောလုံးဂိမ်းစီးရီး FIFA ထဲက Virtual Crowd အသံတွေနဲ့ အစားထိုးထည့်သွင်းသွားမှာပါ။ ဒါ့ကြောင့် ပွဲကြည့်ပရိသတ်တစ်ယောက်မှ မရှိတဲ့ပွဲကို ကြည့်နေပေမယ့် အားပေးသံတွေကို အရင်လိုပဲ ကြားနေရဦးမှာ ဖြစ်ပါတယ်။

နိုင်ငံအချို့မှာ ကိုဗစ်ရန်ကြောင့် ရပ်နားထားတဲ့ အမှတ်ပေးလိဂ်ဘောလုံးပွဲစဉ်တွေကို ပြန်လည်စတင်နေပြီဖြစ်ပြီး ပွဲကြည့်ပရိသတ်မရှိတဲ့ အနေအထားကြောင့် စိတ်ပျက်အားလျော့သံတွေ ပေါ်ထွက်လျက်ရှိပါတယ်။ ဒိန်းမတ်နိုင်ငံမှာတော့ ပွဲကြည့်စင်ပေါ်မှာ အွန်လိုင်းကနေ ကြည့်ရှုအားပေးနေတဲ့ ပရိသတ်တွေရဲ့ ပုံတွေကို Projector နဲ့ပြသနေပြီး အသင်းနှစ်သင်း ယှဉ်ပြိုင်နေတာနဲ့ တပြိုင်တည်း အားပေးနိုင်စေခဲ့ပါတယ်။

Sky Sports ရဲ့ အစီအစဉ်က ဒီလောက်နဲ့မရပ်တန့်သေးဘဲ သူတို့ရဲ့ ဝက်ဆိုက်နဲ့ App ကနေ ကြည့်ရှုသူတွေဟာ သူငယ်ချင်းတွေနဲ့ Video Room တစ်ခု ဖန်တီးပြီး အတူကြည့်နိုင်၊ တုံ့ပြန်နိုင်စေမယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် အဲဒီလို ကြည့်ရှုအားပေးနေတဲ့ ပရိသတ်တွေရဲ့ Live အသံတွေကိုလည်း သူတို့စီစဉ်ထားတဲ့ Virtual Crowd Noise အပေါ်မှာ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

Ref – The Verge