Apple ရဲ့ ၂၀၂၀ အတွက် Flagships စီးရီးဖြစ်တဲ့ iPhone 12 စီးရီးကို ပြီးခဲ့တဲ့လကမှ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပညာရပ်ဝန်းမှာတော့ နောင်လာမယ့်မျိုးဆက်သစ် iPhone တွေနဲ့ပတ်သက်တဲ့ သတင်းတွေက ထွက်ပေါ်နေတာကို တွေ့မြင်နေရပါတယ်။

Apple ရဲ့ iPhone 12 Pro စီးရီးမှာ ကျောဘက်ကင်မရာသုံးလုံးနဲ့ LiDAR Scanner တပ်ဆင်ထားတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ဒီကင်မရာတွေအနက် မြင်ကွင်းကျယ်ရိုက်ကူးမှုအတွက် Ultra-wide lens က အဓိကပဲ ဖြစ်ပါတယ်။ လာမယ့် မျိုးဆက်သစ် iPhone တွေမှာတော့ Ultra-wide lens တွေဟာ ပိုပြီးတိုးတက်လာမယ်လို့ ဆိုပါတယ်။

Apple သတင်းတွေကို အစဉ်တစိုက်လေ့လာဆန်းစစ်မှုပြုလုပ်နေတဲ့ Ming-Chi Kuo က လာမယ့် iPhone 13 စီးရီးရဲ့ Pro အမျိုးအစားတွေရဲ့ Ultra-wide lens ဟာ သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုကို ယူဆောင်လာမယ်လို့ ဟောကိန်းထုတ်လိုက်တာပါ။ အထူးသဖြင့် Pro မော်ဒယ်တွေဟာ Autofocus feature (AF) ပါဝင်တဲ့ F/1.8 6P (Six elements) ultra-wide lens ပါရှိလာမယ်လို့ Kuo က ဆိုလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ iPhone 12 Pro နဲ့ 12 Pro Max တွေမှာတော့ f/2.4 aperture နဲ့ 12MP ultra-wide တွေပါဝင်ပေမယ့် FF (Fixed Focus) နဲ့ 5P lens တွေပဲ ဖြစ်ကြပါတယ်။ ဒါ့အပြင် Apple အနေနဲ့ iPhone 14 မျိုးဆက်ရောက်ရင်တော့ အမျိုးအစားအားလုံးမှာ 6P ultra-wide lens တွေ ဖြစ်လာမယ်လို့ Kuo က မျှော်လင့်နေပါတယ်။ ဒီအချက်အလက်တွေက အခုအချိန်အထိ အတည်ပြုနိုင်တဲ့အထောက်အထား တစ်စုံတစ်ရာမတွေ့ရှိရသေးဘဲ သုတေသနရလဒ်ပေါ်အခြေခံထားတဲ့ Kuo ရဲ့ ခန့်မှန်းချက်လို့ပဲ ဆိုရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina