အမေရိကန်စျေးကွက်ထဲကို ဝင်ရောက်လာဖို့ ပြင်ဆင်နေတဲ့ Samsung Galaxy Note20 စီးရီးအတွက် Promo Video တစ်ခု ထွက်ပေါ်လာခဲ့ပြီး နှစ်မိနစ်စာလောက်ရှိတဲ့ ဗီဒီယိုထဲမှာ သူတို့ရဲ့ ဒီဇိုင်းနဲ့ အချက်အလက် အများစုကို ကြည့်ရှုနိုင်ခဲ့ပါတယ်။

Samsung Galaxy Note20 Ultra 5G မှာ 120Hz Refresh Rate ပါဝင်တဲ့ 6.9” Dynamic AMOLED Display အသုံးပြုလာမှာဖြစ်ပြီး Galaxy Note20 5G ရိုးရိုးမှာတော့ 6.7” Super AMOLED+ Display ကို အသုံးပြုထားမှာပါ။ ရိုးရိုး Vanilla မော်ဒယ်ရဲ့ Refresh Rate ကိုတော့ မဖော်ပြထားတဲ့အတွက် ပုံမှန်စံလို့ ဆိုရမယ့် 60Hz ပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ မော်ဒယ်နှစ်ခုလုံးဟာ အလယ်တည့်တည့်မှာ Punch-hole တစ်ခုစီ ပါဝင်တာလည်း တွေ့ရပါတယ်။

အမေရိကန်စျေးကွက်မှာတော့ ဒီဖုန်းနှစ်လုံးစလုံးမှာ Snapdragon 865+ ချစ်ပ်ဆက်အသစ်တွေကို တွေ့ရမှာပါ။ ဒါ့အပြင် အဆင့်မြှင့်ထားတဲ့ S Pen Stylus ကလည်း စာရွက်ပေါ်မှာ ဘောပင်နဲ့ ရေးနေရသလို ခံစားချက်ရစေမယ်လို့ ဆိုထားပါတယ်။

Note20 Ultra မှာ 108MP ကင်မရာ ဦးဆောင်လာမှာဖြစ်ပြီး Vanilla မော်ဒယ်ကတော့ 64MP ဖြစ်ပေမယ့် နှစ်ခုလုံးမှာ 4K ဗီဒီယိုရိုက်ကူးနိုင်စွမ်းပါမှာပါ။”Space Zoom” ကလည်း Ultra အတွက် 50x နဲ့ ရိုးရိုးမော်ဒယ် အတွက် 30x Zoom တို့ကို ယူဆောင်လာမှာ ဖြစ်ပါတယ်။

Galaxy Note20 မှာ 4,300 mAh ဘက္ထရီတစ်ခု ပါဝင်လာပြီး အရင်မျိုးဆက်က 3,500 mAh သာ ရှိခဲ့တာပါ။ Note20 Ultra ကတော့ နည်းနည်းပိုများပြီး 4,500 mAh ဖြစ်ပေမယ့် 120Hz Display အတွက် ထည့်တွက်ရမှာပါ။ အရောင်ရွေးချယ်စရာကတော့ Mystic Bronze ကာလာကို နှစ်မျိုးလုံးမှာ ရရှိမှာဖြစ်ပေမယ့် Mystic Green ကို ရိုးရိုး ဗားရှင်းမှာပဲ တွေ့ရမှာ ဖြစ်ပါတယ်။

Ref – GSMArena