ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းတုန်းက PUBG ကော်ပိုရေးရှင်းအနေနဲ့ သူတို့ရဲ့ ဂိမ်းဟာ အိန္ဒိယဈေးကွက်ထဲကနေ ထွက်ခွာလိုက်ရပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဒါကြောင့် PUBG Mobile Nordic Map: Livik နဲ့ PUBG Mobile Lite တို့ဟာ အောက်တိုဘာလ ၃၀ ရက်နေ့ကစပြီး ရပ်တန့်ခဲ့ပါတယ်။


ဒါပေမယ့် မှောင်မိုက်နေတဲ့ဥမင်ရဲ့အဆုံးမှာ အလင်းရောင်ရှိနေတတ်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ၊ PUBG အနေနဲ့လည်း ဒီအခက်အခဲကိုကျော်လွှားဖို့အတွက် နည်းလမ်းရှိနေမယ်လို့ ယုံကြည်ရပါတယ်။ အကြောင်းက PUBG ကော်ပိုရေးရှင်းဟာ သူတို့ရဲ့ဂိမ်းကို PUBG Mobile India ဆိုတဲ့ နာမည်ပြောင်းလဲပြီး အိန္ဒိယဈေးကွက်ထဲ ပြန်ဝင်နိုင်ဖို့ ကြိုးစားနေကြောင်း ကြေညာလိုက်လို့ပဲ ဖြစ်ပါတယ်။

New App အနေနဲ့ ဒေသတွင်း သုံးစွဲသူတွေ (ကစားသမားတွေ) ကိုဦးစားပေးထားတဲ့ ပြောင်းလဲမှုတွေ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ အဓိကအချက်ကတော့ ဒေသတွင်းစည်းမျဉ်းတွေနဲ့အညီ၊ အသုံးပြုသူတွေရဲ့အချက်အလက်တွေကို ပိုပြီးပွင့်လင်းမြင်သာစွာနဲ့ ကိုင်တွယ်ဖို့ အာရုံစိုက်လာတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအတွက် PUBG ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Krafton Inc ဟာ PUBG Mobile India စီမံကိန်းအတွက် ဒေါ်လာ သန်း ၁၀၀ ကို ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။


ဂိမ်းတွင်းဇာတ်ကောင်တွေကို အဝတ်အစားအပြည့်အစုံနဲ့စတင်စေခြင်း၊ Red Hit effect တွေနေရာမှာ Green Hit effect တွေပြောင်းလဲထားခြင်း စတာတွေအပါအဝင် အခြားအဓိကပြောင်းလဲမှုတွေကို ပြုလုပ်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ငယ်ရွယ်တဲ့ ဂိမ်းကစားသူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ အလေ့အထရရှိအောင်လို့ ဂိမ်းကစားချိန်ကိုလည်း ထိန်းချုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယမှာ ဒေသဆိုင်ရာရုံးတစ်ခုဖွင့်လှစ်ဖို့နဲ့ ဆက်သွယ်ရေးနဲ့အသုံးပြုသူဝန်ဆောင်မှုပေးရေးအတွက် ဝန်ထမ်း ၁၀၀ ကျော်ကိုလည်း ခန့်ထားဖို့စီစဉ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် အနာဂတ်မှာ အိန္ဒိယအတွက် ပြိုင်ပွဲတွေ၊ Events နဲ့ ဖျော်ဖြေရေးစီမံကိန်းတွေ ပြုလုပ်ပေးဖို့လည်း အစီအစဉ်ရှိကြောင်းသိရပါတယ်။ ဒါပေမယ့် PUBG Mobile India ကို ဘယ်အချိန်စတင်မယ်ဆိုတာတော့ မသိရသေးပါဘူး။

Ref: GSM Arena