PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲ၏ Online Registration ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိ စိတ်ပါဝင်စားသည့် မည်သူမဆို စာရင်းပေးသွင်း၍ ပါဝင်ယှဥ်ပြိုင်နိုင်ပြီး အသင်းပေါင်း ၁,၂၀၀ ကို လက်ခံယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာလူငယ် E-sports ကစားသမားများကို PUBG MOBILE ၏ အရှေ့တောင်အာရှဒေသအတွင်းတွင် အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သည့် PMCO (PUBG MOBILE Club Opens) SEA Final ပြိုင်ပွဲကြီးအထိ သွားရောက်ယှဥ်ပြိုင်နိုင်ရန် ခေါ်ဆောင်သွားနိုင် မည့် စိတ်လှုပ်ရှားဖွယ် နိုင်ငံတွင်းပြိုင်ပွဲ PUBG MOBILE Myanmar Championship 2020 Spring Split ​ပြိုင်ပွဲကို စတင်လိုက်ပြီဖြစ်ကြောင်း PUBG MOBILE က ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ပြိုင်ပွဲကြီးကို MPT မှ Main Partner အဖြစ် ပံ့ပိုးကူညီပေးထားသည်။

PUBG MOBILE သည် PMCO (PUBG MOBILE Club Opens) SEA Final ကို တစ်နှစ်လျှင် ၂ ကြိမ် နွေဦးနှင့် ဆောင်းဦးရာသီတို့တွင် စီစဥ်ကျင်းပလေ့ရှိပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အရှေ့တီမော၊ ဘရူနိုင်း၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံများမှ ထိပ်တန်းကစားသမားအသင်းများ ယှဥ်ပြိုင်ကြရသည့် Offline ဂိမ်းပွဲကြီးတစ်ခုဖြစ်သည်။

နိုင်ငံတကာတွင် လူကြိုက်အများဆုံး E-sports ဂိမ်းတစ်ခုအဖြစ် ဦးဆောင်နေသော PUBG MOBILE သည် မြန်မာနိုင်ငံ E-sports ဂိမ်းကဏ္ဍ၏ အလားအလာကောင်းသော တိုးတက်မှုများနှင့်အတူ မြန်မာလူငယ် ကစား သမားများ၏ အရည်အချင်းကို တွေ့မြင်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ E-sports ဂိမ်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်၊ မြန်မာနိုင်ငံတွင်E-sports အသိုက်အဝန်းတစ်ခု အခိုင်အမာ ဖြစ်တည်လာရန်၊ မြန်မာလူငယ်ကစား သမားများ၏ အရည်အသွေးကို ပိုမိုမြှင့်တင်ပေးပြီး နိုင်ငံတကာအဆင့် ပြိုင်ပွဲများအထိ ခေါ်ဆောင်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံတွင် Online/Offline ဂိမ်းပွဲများ ကျင်းပပြုလုပ်ခဲ့လျက် ရှိသည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင် PUBG MOBILE က ပထမဆုံးအကြိမ် Myanmar Championship Offline ဂိမ်းပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပြီး ထိုပြိုင်ပွဲတွင် ပထမနှင့် ဒုတိယရရှိသော အသင်း (၂) သင်းသည် ဆုကြေး ငွေများနှင့်အတူ ယခု PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲသို့ တိုက်ရိုက်တက်လှမ်းခွင့် ရရှိခဲ့သည်။

ယခု ပြုလုပ်ကျင်းပမည့် PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲတွင် ထိပ်ဆုံးရရှိသော အသင်း (၄) သင်းသည် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

Wildcard အဆင့်သည် ကိုယ်ပိုင် League မရှိသေးသည့် မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ အရှေ့ တီမောနှင့် ကမ္ဘောဒီးယား အစရှိသော အရှေ့တောင်အာရှနိုင်ငံများ Online တွင် အချင်းချင်း ယှဥ်ပြိုင်ရသော ပြိုင်ပွဲဖြစ်သည်။ PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲမှ အနိုင်ရရှိသော မြန်မာအသင်း ၄ သင်းနှင့် လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့ တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်း တို့သည်PMCO SEA Wildcard Final အဆင့်အတွက် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို PMCO SEA Wildcard Final အဆင့်တွင် ထိပ်ဆုံးရပ်တည်နိုင်သော အသင်း (၃) သင်းကသာ ကိုယ်ပိုင် League ရှိသော နိုင်ငံများ ဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံမှ အသင်းများနှင့်အတူ PMCO SEA Final သို့ တက်လှမ်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ PMCO SEA Final ပြိုင်ပွဲကြီးတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိသည့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew Manugian က “ဒီတစ်ခါ Myanmar Championship ပြိုင်ပွဲက စိတ်လှုပ်ရှားစရာပါပဲ။ ဒီပြိုင်ပွဲကနေ ဆုကြေးငွေတွေရမယ့်အပြင် နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးတစ်ခုကို တက်လှမ်းသွားနိုင်ပြီး တခြားနိုင်ငံတွေက အကောင်းဆုံး အသင်းတွေနဲ့ ပြိုင်ရမှာဆိုတော့ မြန်မာအသင်းအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ မြန်မာနိုင်ငံမှာ အလားအလာကောင်းတဲ့ တိုးတက်မှုတွေ တွေ့ထားရလို့ ကျွန်တော်တို့ Myanmar Championship ပြိုင်ပွဲမျိုး ကို မြန်မာမှာပဲ ပြုလုပ်တာပါ။ အဲဒီအတွက် မြန်မာ့အတော်ဆုံး အသင်းတွေ ထွက်ပေါ်လာပြီး PMCO SEA Final ပြိုင်ပွဲမှာ အကောင်းဆုံး ယှဥ်ပြိုင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲ၏ Online Registration ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ စိတ်ပါဝင်စားသည့် မည်သူမဆို စာရင်းပေးသွင်း၍ ပါဝင်ယှဥ်ပြိုင်နိုင်သည်။ စာရင်းပေးသွင်းထားသည့် ကစားသမားများသည် အသင်းအသီးသီးဖွဲ့စည်းရမည်ဖြစ်ပြီး မတ်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ အဆင့် နှစ်ဆင့်ဖြင့် Online Qualifier ယှဥ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းများသည် First Round ပွဲစဉ်ကို မတ်လ ၁ ရက် မှ မတ်လ ၁၂ ရက်အထိ ကျပန်းအုပ်စုခွဲပြီး တစ်အုပ်စုလျှင် အသင်း ၂၀ ဖြင့် အုပ်စု ၆၀ ခွဲကာ အွန်လိုင်းတွင် First Round စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တစ်ရက်လျှင် Live Streaming ၂ အုပ်စုကို ကျပန်းရွေးချယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ First Round တွင် နောက်တဆင့်တက်ရန် အဆိုပါ အဆင့်ပြိုင်ပွဲများမှ ရမှတ်များကို ရေတွက်မည်ဖြစ်ပြီး အုပ်စုများမှ စုစုပေါင်းရမှတ် အဆင့် ၁ နှင့် ၂ ရရှိသည့် အသင်းသည် နောက်တစ်ဆင့် Second Round တက်ရမည်ဖြစ်သည်။

Second Round ပွဲစဉ်ကို မတ်လ ၁၃ ရက်မှ မတ်လ ၁၆ ရက်အထိ First Round မှ အဆင့် ၁ နှင့် ၂ ရရှိသည့် ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၂၀ သင်းသည် ပြိုင်ပွဲကို တစ်အုပ်စုလျှင် ၁၅ သင်းဖြင့် ၈ အုပ်စုခွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တစ်အုပ်စုလျှင် ၁၅ သင်းကို ကျပန်းရွေးချယ်မည်ဖြစ်ပြီး တစ်ရက်လျှင် Live Streaming ၁ အုပ်စုကို ကျပန်းရွေးချယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Second Round တွင် နောက်တဆင့်တက်ရန် အဆိုပါအဆင့်ပြိုင်ပွဲများမှ ရမှတ်များကို ရေတွက်မည်ဖြစ်ပြီး အုပ်စုများမှ စုစုပေါင်းရမှတ် အဆင့် ၁ နှင့် ၂ ရရှိသည့် အသင်းသည် နောက်တစ်ဆင့် ဗိုလ်လုပွဲအဆင့် တက်ရမည်ဖြစ်သည်။

ဗိုလ်လုပွဲအဆင့် တက်ရောက်သည့် အသင်း ၁၆ သင်း နှင့် ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင် PUBG MOBILE Myanmar Championship Offline ဂိမ်းပြိုင်ပွဲကြီမှ ပထမနှင့် ဒုတိယရရှိသော အသင်း ၂ သင်း၊ စုစုပေါင်း ၁၈ သင်းသည် PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲကြီးသို့ တက်ရောက်ယှဥ်ပြိုင်သွားရမည်ဖြစ်သည်။ အဆိုပါ နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲကြီးကို ၂၀၂၀ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ Yangon Convention Centre ၌ ကျင်းပသွားမည်ဖြစ်သည်။ ဗိုလ်လုပွဲအဆင့်တွင် ပြိုင်ပွဲစုစုပေါင်း ၅ ပွဲ ကစားမည်ဖြစ်ပြီး အမှတ်များကို အဆိုပါ အဆင့်ပြိုင်ပွဲများမှ ရမှတ်များကို ရေတွက်ကာ စုစုပေါင်းအမှတ်အများဆုံး ၄ သင်းသည် PMCO SEA wildcard Final အဆင့် တက်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခြင်း ခံရမည်ဖြစ်သည်။

ယခု ပြုလုပ်ကျင်းပမည့် PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲတွင် အသင်းများကို မြန်မာကျပ်ငွေ ၅၀,၀၀၀,၀၀၀ (ငွေကျပ် သိန်း ၅၀၀ ) တန်ဖိုးရှိသည့် ဆုကြေးငွေများနှင့် ဆုလက်ဆောင်များကို ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။ အဆင့် ၁ အနိုင်ရသည့် အသင်းကို ၁၅,၀၀၀,၀၀၀ ကျပ် (ကျပ်သိန်း ၁၅၀)၊ အဆင့် ၂ ရရှိသည့် အသင်းကို ၁၀,၀၀၀,၀၀၀ ကျပ် (ကျပ်သိန်း ၁၀၀)၊ အဆင့် ၃ ရရှိသည့် အသင်းကို ၆,၀၀၀,၀၀၀ ကျပ် (ကျပ် သိန်း ၆၀)၊ အဆင့် ၄ ရရှိသည့် အသင်းကို ၃,၀၀၀,၀၀၀ ကျပ် (ကျပ်သိန်း ၃၀)၊ အဆင့် ၅ မှ ၈ ရရှိသည့် အသင်းများကို ၁,၅၀၀,၀၀၀ ကျပ်စီ (ကျပ် ၁၅ သိန်းစီ)၊ အဆင့် ၉ မှ ၁၈ ရရှိသည့် အသင်းများကို ၁,၀၀၀,၀၀၀ ကျပ်စီ (ကျပ် ၁၀ သိန်းစီ) ဆုကြေငွေများ အသီးသီး ချီ့မြှင့်သွားမည်ဖြစ်သည်။

စာရင်းပေးသွင်းရန်နှင့် ပြိုင်ပွဲအသေးစိတ်အချက်အလက်များ၊ စည်းကမ်းသတ်မှတ်ချက်များကို ဖော်ပြပါ လင့်တွင် http://bit.ly/pmmcregistration ဝင်ရောက်ကြည့်ရှုနိုင်သည်။

မည်ကဲ့သို့ စာရင်းပေးသွင်းရမလဲ၊ မည်ကဲ့သို့ လုပ်ဆောင်ရမလဲ စသည့် အသေးစိတ်ရှင်းလင်းချက်များကို ဖော်ပြပါလင့်တွင် http://bit.ly/38jCGFr ဝင်ရောက်ကြည့်ရှုနိုင်သည်။

ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များအားလုံးကို PUBG MOBILE ၏ Official Facebook စာမျက်နှာ www.fb.com/PUBGMOBILE.MM.OFFICIAL တွင်လည်း ဝင်ရောက်၍ လေ့လာနိုင်သည်။