Lenovo က Xiaoxin Pad နဲ့ Xiaoxin Pad Pro တွေကို တရုတ်နိုင်ငံမှာ ရောင်းဖို့ စီစဉ်နေပါတယ်။ Xiaoxin Pad Pro က နိုင်ငံတကာမှာ ရောင်းချတဲ့ Lenovo Tab P11 Pro ကို နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Xiaoxin Pad ဟာ နိုင်ငံတကာမှာ ရောင်းချမယ့် Lenovo Tab P11 ဖြစ်နိုင်ပါတယ်။

Lenovo က Xiaoxin Pad Pro နဲ့ Xiaoxin Pad ရဲ့ Specs Sheet ကို ထုတ်ပြခဲ့တဲ့အတွက် Lenovo Tab P11 ရဲ့ Specs တွေကို သိလာရပါပြီ။ Xiaoxin Pad မှာ ၁၁ လက်မ TDDI LCD မျက်နှာပြင် ပါလာပြီး 2000×1200 Resolution နဲ့ 400 nits Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် ပတ်လည်က ဘောင်တွေက အရွယ်တူကြပေမယ့် Pro မော်ဒယ်မှာလောက် မပါးပါဘူး။

Snapdragon 662 Processor မောင်းနှင်ထားပြီး 6GB LPDDR4X RAM နဲ့ 128GB UFS 2.1 Storage ထည့်သွင်းထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာနဲ့ Face Unlock အတွက် TOF ကင်မရာ ထည့်သွင်းထားပြီး အနောက်ဘက်မှာ 13MP ကင်မရာ ပါလာပါတယ်။

Lenovo Xiaoxin Pad မှာ 1W စပီကာ ၄ လုံး တပ်ဆင်ထားပေမယ့် Pro မော်ဒယ်မှာလို JBL စပီကာတွေ မဟုတ်ပါဘူး။ ဒါပေမယ့် Dolby Atmos ထောက်ပံ့ထားပါတယ်။ Pro မော်ဒယ်ရဲ့ ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပေမယ့် ရိုးရိုး မော်ဒယ်မှာ မပါလာပါဘူး။ Xiaoxin Pad မှာ IP52 စံနှုန်းနဲ့ ဖိအား အာရုံခံ Stylus ထည့်သွင်းထားပါတယ်။ Keyboard Dock ပါလာပြီး 7700mAh ဘက်ထရီ၊ 20W Charging နဲ့ USB-C Port တွေ ပါလာပါတယ်။

Lenovo က ဒီလ ၂၀ ရက်မှာ Xiaoxin တက်ဘလက်တွေကို ကြေညာတော့မှာ ဖြစ်ပြီး မသိရသေးတာက တရုတ်ပြင်ပမှာ Lenovo Tab P11 ကြေညာမယ့်အချိန်ပါ။

Ref : gizmochina